ယင်းနက်
ရှေးဟောင်းရာဇဝင်ကျမ်းများ သုတေသနမှတ်တမ်းများနှင့် ကွင်းဆင်းလေ့လာမှုများအရ ယင်းနက်လူမျိုးတို့သည် တိဗက်-မြန်မာအုပ်စုတွင်ပါဝင်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က ယူနန်နယ်မှတဆင့် ရှမ်းပြည်နယ်သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ ရှမ်းလူမျိုးတို့က အဆိုပါ ယင်းနက်လူမျိုးတို့ကို “ယန်လ” yang lam ဟုခေါ်ကြသည်။ ယင်းန်ကလူမျိုးတို့က မိမိတို့ကိုယ်ကို “ရီယန်” Ree Yang ဟုခေါ်ကြသည်။ မြန်မာလူမျိုးတို့က ရှမ်းလူမျိုးတို့အခေါ် “ယန်လ”မှ “ယန်” ဟူသော စကားလုံးကို “ယင်း”ဟူ၍ အမှတ်ပြမိကြပြီး အနက်ရောင်အဝတ်အစား ဝတ်ဆင်ကြသည် ကိုအစွဲပြုလျက် “ယင်းနက်”ဟု ခေါ်ကြခြင်းဖြစ်သည်။
ယင်းနက်လူမျိုးတို့သည် ရိုးသားဖြောင့်မတ်စွာနေထိုင်ကြပြီး တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြကြသည်။ ပဲ၊ ပြောင်း၊ ဝါ၊ ဂျင်း၊ ဟင်းသီးဟင်းရွက်နှင့် တောင်ယာစပါး စသည့် အသီးအနှံများကို စိုက်ပျိုးကြသည်။ မိမိတို့ဒေသထွက်ကုန်များဖြစ်သည့် သီးနှံများကို နီးစပ်ရာ မြို့ပေါ်ရှိ ဈေးများတွင်ရောင်းချကာ အသက်မွေးဝမ်းကြောင်းမှုကိုပြုကြသည်။ မှိုပေါက်ချိန်တွင် မှိုနှုတ်၍လည်းကောင်း၊ ဝါးမျှစ်ထွက်ချိန်တွင် ဝါးမျှစ်ခုတ်၍လည်းကောင်း၊ ရာသီပေါ်အလုပ်လုပ်၍ လည်းကောင်း အသက်မွေးဝမ်းကြောင်းမှုပြုကြသည်။
ဝတ်စားဆင်ယင်မှုတွင် အမျိုးသားများသည် အနက်ရောင်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ကြပြီး အဖြူရောင်ခေါင်းပေါင်းကို ပေါင်းကြသည်။ ယင်းနက်အမျိုးသမီးများသည် အနက် ရောင်သင်တိုင်းရှည်နှင့် အနက်ရောင်အင်္ကျီ အရှေ့ဘက်ရင်ညွှန့်၌ အနီရောင်ချည်မျှင် ပန်းပွားများ ချကာ အင်္ကျီလက်တို၊ လက်ရှည် စသည်ဖြင့် ဝတ်ဆင်ကြသည်။ အမျိုးသမီးကြီးများသည် အနက် ရောင်ခေါင်းပေါင်းကို ပေါင်းကြသည်။ အမျိုးသမီးငယ်များသည် ခေါင်းပေါင်းမပေါင်းကြပေ။
ယင်းနက်လူမျိုးများသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ နတ်ကိုးကွယ်မှုလည်းရှိကြ သည်။ ရိုးရာပွဲ၊ ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲများ ပြုလုပ်ကြပြီး အဆိုပါပွဲများတွင် ရိုးရာ တူရိယာများကိုတီးမှုတ်ကာ ရိုးရာအကဖြင့် ပျော်ပျော်ရွှင်ရွှင် ဆင်နွဲကြသည်။ ရိုးရာအကတွင် ပုလွေ အကမှာ ထင်ရှားပြီး ပုလွေတွင် ဝါးပုလွေနှင့် ဗူးသီးခြောက်ပုလွေဟူ၍ နှစ်မျိုးရှိသည်။ ဝါးဖြင့် ပြုလုပ်သော ဗုံနှင့်မောင်းလည်းရှိသည်။
ယင်းနက်လူမျိုးတို့သည် အခြားသောရှမ်း၊ ပအိုဝ်းလူမျိုးများနှင့်ရောနှောနေထိုင်ကြသူများ မှအပ မိမိတို့၏ ကိုယ်ပိုင်ယင်းနက်ဘာသာစကားကိုသာ ပြောဆိုကြသည်။ သို့သော် ကိုယ်ပိုင်စာပေ အက္ခရာမရှိပေ။ ယင်းနက်လူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ကုန်းလမ်းရွာ၊ ကုန်းပေါ်ရွာ၊ တာဆိုင်းရွာ၊ လွယ်ဆောင်ရွာ၊ လွယ်ငင်းကြီးရွာ၊ လွယ်ငင်းလေးရွာ၊ ပန်လင်ရွာ၊ နောင်လိုင်ရွာ၊ ကုန်းတီးရွာ၊ ဝမ်ပန်ရွာ၊ နမ့်ခုတ်ရွာ၊ ဝမ်မိုင်နောင်အင်ရွာ၊ တိန်အွတ်ရွာ၊ ကုန်းယောင်း ရွာ၊ လွယ်ကတ်ရွာများတွင်နေထိုင်ကြပြီး လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ကျူရုံးရွာတွင်လည်း နေထိုင်ကြ ပါသည်။