ယင်းကြား
မွန်-ခမာအုပ်စုဝင်ဖြစ်သော “ယင်း” အနွယ်ဝင်တို့တွင် ယင်းနက်နှင့်ယင်းကြားဟူ၍ ယင်းလူမျိုးနှစ်မျိုးရှိရာ ယင်းကြားတိုင်းရင်းသားတို့သည် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ကျီးအစ်၊ လွယ်ဆိုင်၊ လွယ်ဖွီး၊ ပုတ်ပျံ၊ လွယ်စန့်၊ တွံတီး၊ လွယ်ပေါင်း၊ မောက်ကျန်၊ စံဝ စသည့်ရွာပေါင်း ၉ ရွာတို့တွင် တစ်စုတစ်စည်းတည်း တွေ့ရသည်။ ဗမာလူမျိုးများက ၎င်းတို့ကို ယင်း ဟုခေါ်၍ ရှမ်းများက ယမ်းဟု ခေါ်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ပွဲတော် များကျင်းပုံမှာ ယင်းနက်တို့နှင့် အတူတူပင်ဖြစ်ကြသည်။ ယင်းကြားနှင့်ယင်းနက်တို့၏ ဘာသာ စကားများမှာ တူမယောင်နှင့်ကွဲပြားသည်။ ယင်းနက်တို့က အသံမာ၍ ပေါ့ပြီး စကားကို မြန်မြန်ပြောလေ့ရှိကာ ယင်းကြားတို့က အသံလေးပြီး ပျော့၍စကားကို ဖြည်းဖြည်းပြောလေ့ရှိ သည်။ ယင်းကြားတို့ပြောသော စကားသည် ရှမ်းစကားမဟုတ်ဘဲ ကိုယ်ပိုင်စကားဖြစ်သော်လည်း ရှေး ယခင်ကတည်းက ရှမ်းလူမျိုးတို့နှင့် အတူနေထိုင်ခဲ့သောကြောင့် ရှမ်းစကားကို ကျွမ်းကျင်စွာ ပြောတတ်ကြသည်။ ယင်းနက်တို့ကဲ့သို့ပင် ယင်းကြားတို့တွင်လည်း စာပေအရေးအသားမရှိသေး ပေ။ ရိုးရာဝတ်စုံမှာ တူညီသယောင်ထင်ရသော်လည်း ယင်းကြားအမျိုးသမီးတို့၏ အထည်များကို အရောင်စင်းကျားကို ဒေါင်လိုက်ထည့်သွင်းရက်လုပ်ထားသည်။ ရိုးရာဓလေ့၊ ယဉ်ကျေးမှုပွဲတော် များသည် ယင်းနက်လူမျိုးများနှင့် အတူတူနီးပါးပင်ဖြစ်သည်။ သမိုင်းကြောင်းအရ ယင်းကြားတို့ ဆင်းသက်လာသည်ဟု အဆိုရှိသော ရသေ့တောင်သို့ ကျင်းပသည့်ဓလေ့မှာ ထူးခြားသည်။ ယင်းကြားဒေသသည် ရေရှားသောဒေသဖြစ်ပြီး သုံးစွဲသောက်သုံးရန်ရေကို အဝေးရှိ ရေတွင်းများ မှခက်ခက်ခဲခဲ ခပ်ယူသုံးစွဲကြရသည်။ ချင်း(ဂျင်း)၊ ငရုတ်၊ နာနတ်၊ ပဲစင်းငုံ၊ ပြောင်း၊ ဆန်စပါးတို့ကို အဓိကထားစိုက်ပျိုးကြသည်။