တောင်ကြီး ဇွန်-၆
၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား၊အမျိုးသမီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၅)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖူဆယ်ဘောလုံးအားကစားနည်းသည် နည်းစနစ်ကို အခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျှင်မြန်ဖြတ်လက်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုကိုပါ ပြည့်ဝရန် လိုအပ်သည့်အပြင် အသင်းလိုက် အပေးအယူမျှမျှနှင့် ကစားရသည့် အားကစားနည်းဖြစ်ပါကြောင်း၊ ဖူဆယ်ကစားခြင်းသည် အပေါင်းအသင်းမိတ်ဆွေများ တိုးပွားစေခြင်း၊ အသင်းလိုက်စုစည်းညီညွှတ်စွာ ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အကျင့်ကောင်းများရရှိစေခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုတိုးပွားစေခြင်းကို ကစားရင်းအလိုအလျောက်ရရှိစေနိုင်သော အားကစား နည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးကစားသမားများအနေဖြင့် နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် အမျိုးသားအားကစားမြင့်တင်ရေး တာဝန်များကို ဦးထိပ်ထားပြီး မြန်မာ့အားကစား အဆင့်အတန်းမြင့်ရေးကို အမျိုးသားရေးအမြင်ဖြင့် ယှဥ်တွဲပြီး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းနှင့် အမျိုးသားပြိုင်ပွဲပထမပွဲစဥ်အဖြစ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပလောင်အသင်းနှင့် လားရှိုးခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြရာ လားရှိုးခရိုင်အသင်းမှအနိုင်ရရှိကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသား(၁၃)သင်း၊အမျိုးသမီး(၅)သင်း ပါဝင်ယှဥ်ပြိုင်၍ပြိုင်ပွဲကို ၂၀၂၃ခုနှစ်ဇွန်လ(၅)ရက်မှ (၁၂)ရက်ထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့