တောင်ကြီး မတ်-၂၂
ရှမ်းယူနိုက်တက်ဘောလုံးအသင်းမှ ချန်ပီယံဆုဖလားအပ်နှံခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုငွေချီးမြှင့်ခြင်းနှင့် ရှမ်းပြည်နယ် ခရစ်ကက်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို မတ်(၂၂)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်ကိုယ်စားပြုဂုဏ်ဆောင်နိုင်ခဲ့သော SHAN UNITED FC ဘောလုံးအသင်း နှင့် ဝူရှူးအသင်းတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ရှမ်းပြည်ခရစ်ကက်အသင်းတို့ကို အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ၂၀၂၄ခုနှစ် မတ်လ(၂၅)ရက်မှ ဧပြီလ(၃)ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ခရစ်ကက်လက်ရွေးအသင်းကို အထူးမှာကြားလိုသည်မှာ ယခုဂုဏ်ပြုချီးမြှင့်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု SHAN UNITED FC ဘောလုံးအသင်းနှင့် ဝူရှူးအသင်းတို့၏ အောင်မြင်မှုရလဒ်များကို အတုယူပြီး ရှမ်းပြည်နယ်၏ အားကစားအဆင့်အတန်း မနိမ့်ကျကြောင်း ထပ်မံသက်သေပြနိုင်အောင် ကြိုးစားယှဥ်ပြိုင်ပြီး ပထမတံခွန်စိုက်ဆုဖလားကြီးကို ရယူ၍ ရှမ်းပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြရန်ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ (၅)ကြိမ်မြောက်နှင့် (၄)နှစ်ဆက်တိုက် ချန်ပီယံ SHAN UNITED FC ဘောလုံးအသင်းက ချန်ပီယံဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ထံ အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းယူနိုက်တက်အသင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးအားကစား ပြိုင်ပွဲတွင် အနိုင်ရရှိသော အသင်းအား ဂုဏ်ပြုဆုငွေပြန်လည်ပေးအပ်၍ ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ရရှိသည့် အားကစားသမားများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆုများအသီးသီးချီးမြှင့်ပေးကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ခရစ်ကက်လက်ရွေးစင်အသင်းအား
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြများမှ လက်ခံရယူပြီး အားလုံးကိုယ်စား ရှမ်းပြည်နယ်ဝူရှူးအားကစားအဖွဲ့နည်းပြချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ဝူရှူးပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော အားကစားသမားများမှ သရုပ်ပြသကြကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အနိုင်ရရှိသော အသင်းများက အမှတ်တရဓါတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး