ပအိုဝ်း
ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်ဂိုကုန်းမြင့်ဒေသတွင်နေထိုင်ခဲ့ပြီး ၁၂ ရာစုကာလတွင် သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္ထရမြစ်ကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ရောက်ရှိလာခဲ့ကာ BC (၁၇)ရာစုတွင် သုဝဏ္ဏဘူမိသထုံပြည်ကို တည်ထောင်ခဲ့သည်။ သာသနာ သက္ကရာဇ် ၁၆၀၁ ခုကောသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာအနိရုဒ္ဓမင်းသည် သထုံပြည်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး မနူဟာမင်းကို ပေါက္ကံရာမ ပုဂံပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ သည်။ ကျန်ရှိနေသော ပအိုဝ်းတိုင်းရင်းသားတို့သည်ရေကြည်ရာမြက်နုရာဖြစ်သော တောင်ကြီး ခရိုင်၊ လွိုင်လင်ခရိုင် နေရာများ၌ နဂိုမူလရှိသောပအိုဝ်းတိုင်းရင်းသားများရှိရာသို့ ပြောင်းရွှေ့ကြ၍ ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိသထုံကလေးခေါ် ဆီဆိုင်မြို့သို့ ထပ်မံတည်ထောင်ခဲ့သည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် မြန်မာနိုင်ငံအတွင်းရှိ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့၌ ပျံ့နှံ့စွာနေထိုင်ကြ၍ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒုတိယလူဦးရေ အများဆုံးဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်သော ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် တို့တွင် အများဆုံးနေထိုင်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်၍ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းနှင့်အညီ ကျင့်သုံးနေထိုင်ကြပြီး ရှင်ပြုပွဲနှင့် မိုးခေါ်ပွဲ(ခေါ်) မီးကျည်ဒုံးလွတ်ပွဲကို အထူး တလည်ကျင်းပလေ့ရှိကြသည့်အပြင် ဝါတွင်းကာလ၌ ဥပုသ်ဆောက်တည်ခြင်းဓလေ့ကို အထူး မြတ်နိုးကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက် မွေးဝမ်းကြောင်းပြုကြ၍ သနပ်ဖတ်၊ အာလူး၊ စပါး၊ လက်ဖက်၊ ကြက်သွန်ဖြူ စသည်တို့ကို အထူး စိုက်ပျိုးလုပ်ကိုင်ကြသည်။