အင်းသား
အင်းသားလူမျိုးများသည်(တိဗက်-မြန်မာ)အနွယ်ဝင်ဖြစ်သည်။ အင်းသားအစ ထားဝယ်က ဟူ၍ ပြောဆိုမှတ်သားထားသော ပါးစပ်ရာဇဝင်အရအင်းသားလူမျိုးသည် ထားဝယ်မှ ဆင်းသက် လာသည်ဟုဆိုကြသည်။ အင်းသားလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်တွင် ရှိသော အင်းကြီးထဲတွင်နေထိုင်ခဲ့ကြသည်။ ယင်းအင်းကြီးထဲတွင်ရှိသည့် ရွာကြီးလေးရွာဖြစ်သော (၁)နောင်တောရွာ၊ (၂)နမ့်ပန်ရွာ၊ (၃)ရွာကြီး(ဗန်လုံ)၊ (၄)ရွာမ(ဟဲယာရွာမ)တို့သည် အင်းလေးရွာ ဒေသဟူ၍ ခေါ်တွင်ရာမှ အင်းလေးဖြစ်ပေါ်လာသည်။ အင်းသားတိုင်းရင်းသားတို့သည် သီးခြား စာပေ၊ သီးခြားဘာသာစကားမရှိဘဲ မြန်မာစာကိုပင် ရေးသားကြ၍ မြန်မာစကား၊ အင်းသား ဘာသာစကားလည်း ပြောဆိုကြသည်။ အင်းသားတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များအနက်မှ မီးပူ ဇော်ပွဲ၊ မီးရှူးလွှတ်ပွဲ၊ လှေပြိုင်ပွဲတို့မှာ ထင်ရှားသည်။ အင်းသားလူမျိုးများ၏ ထူးခြားမှုမှာ လှေလှော်ရာတွင် ခြေဖြင့် လှော်ခတ်ကြသည်။ အင်းလေးကို ကမ္ဘာလှည့်ခရီးသည်များက မြန်မာ ပြည်၏ ဗီးနပ်စ်ဟူ၍ တင်စားခေါ်ဝေါ်ကြသည့်အပြင် အီတလီဗီးနပ်စ်သည် မြန်မာပြည်ရှိ အင်းလေး၏တောင်ပေါ်မြေပြန့်သဘာဝအလှအပများကိုမမှီဟူ၍မှတ်ချင်ပြုကြသည်။ ဖောင်တော်ဦး ဘုရား၊ အင်းလေးကန်နှင့်ခေါင်တိုင်ရေပူစမ်းတို့သည် အင်းလေးဒေသ၏ အထင်ကရ နေရာများ ဖြစ်ကြသည်။ လံစည်အကနှင့် တီးဝိုင်းသည်အင်းလေးဒေသတွင် ဓလေ့ထုံးစံအနေဖြင့် ကျင်းပ ပြုလုပ်သော ကဆုန်ညောင်ရေသွန်းပွဲ၊ အလှူပွဲနှင့်တန်ဆောင်းမုန်းဆွမ်းလောင်းပွဲတို့တွင် မပါမဖြစ် ထင်ရှားသည်။
စပါး၊ ကြက်သွန်နီ၊ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ အာလူးငရုပ်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ တိုင်တောင်သခွား၊ ကြက်ဟင်းခါးသီး၊ ဘူးသီး၊ ပဲသီးစသည်တို့ကို စိုက်ပျိုးကြသည်။ အင်း တိုင်းရင်းသားတို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ရက်ကန်းလုပ်ငန်းဖြစ်ပြီး ရေလုပ်ငန်း၊ ကျွန်းမျော ခြံလုပ်ငန်း၊ ပန်းဘဲလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ကြသည်။ ငွေပန်းတိမ်လုပ်ငန်းကို ဟဲယာရွာမ၌ သာလုပ်ကိုင်ကြပြီး ငွေထည်ပစ္စည်းများရှိ လက်ရာများမှာ အလွန်ပင်သေသပ်လှသည်။ အင်းသား တို့သည် တစ်နေရာမှ တစ်နေရာသို့ လှေဖြင့်သာ သွားလာကြသည်။