တောင်ကြီး ဇူလိုင်-၁၄
FIFA-MFF U-17Youth League2023-2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဖလားရရှိခဲ့သော SHANFCအသင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ချန်ပီယံဆုဖလားအပ်နှံခြင်းနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဇူလိုင်(၁၄)ရက်နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
FIFA – MFFU – 17Youth League 2023 – 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHANFCအသင်းကို အားကစားနှင့်ကာယာပညာသိပ္ပံ(တောင်ကြီး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ပန်းစည်းများဖြင့် လမ်းဘေးဝဲယာ သောင်းသောင်းဖြာဖြာကြိုဆိုကြသည်။
ဆက်လက်၍ ချန်ပီယံဆုဖလားအပ်နှံခြင်းနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်ကိုယ်စားပြု FIFA-MFF U-17 Youth League 2023-2024ပြိုင်ပွဲတွင် SHAN FC ဘောလုံးအသင်းမှ ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်မှုနှင့် ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားမှုကို ထင်ဟပ်စေပါကြောင်း၊ နောင်လာမည့်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်၏စည်းလုံးမှုအား၊ ညီညွှတ်မှုခွန်အားတို့ကို ဆက်လက်ပြသပေးကြရန်နှင့် တာဝန်ရှိသူများကလည်း ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ်ပြီး ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသမားကောင်းများ ဖြစ်လာရန်အတွက် ဆက်လက်ကြိုးစားလေ့ကျင့်ပေးသွားကြရန် ပြောကြားသည်။
ထို့နောက် FIFA – MFFU – 17Youth League2023-2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHNA FCအသင်းက ချန်ပီယံဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံ အပ်နှံပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသင်းနည်းပြအုပ်ချုပ်သူများနှင့် အားကစားသမားများအား ဂုဏ်ပြုဆုငွေပြန်လည် ပေးအပ်ခဲ့သည်။
၎င်းနောက် အလှူရှင်များက အလှူငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က လက်ခံရယူပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ အားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပေးကြပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း တေးဂီတများဖြင့် ဖျော်ဖြေပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့