ဓနု
ဓနုတိုင်းရင်းသားများသည် ရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသား မျိုးနွယ်စုတစ်စုဖြစ်ပါသည်။ တိဗက်-မြန်မာ စကားပြောအုပ်စုတွင် ပါဝင်ပြီး အသံကွဲမြန်မာစကား ပြောဆိုသော တိုင်းရင်းသားများအဖြစ် ပညာရှင်များက သတ်မှတ်ထားပါသည်။ ဓနုလူမျိုးများ သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက် မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့နယ်တို့အတွင်း တစ်ဆက်တစ်စပ်ထဲ စုစည်း နေထိုင်နေကြပါသည်။ ယခုအခါ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်ပါဝင်သော ဓနုအများဆုံး နေထိုင်ကြသည့် မြို့နယ်နှစ်မြို့နယ်ကို ပေါင်းစည်းကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပါသည်။ ရွာငံမြို့နယ်သည် ကျောက်ဆည်လွင်ပြင်မှ မြစ်သားမြို့နယ်နှင့် တစ်ဆက် ထဲရှိပြီး ရှေးခေတ်မြန်မာဘုရင့်တပ်များသည် ရွာငံမြို့အနောက်ဘက်ရှိ နတ်ထိပ်တောင်ကြားမှ ဖြတ်ကာ ရှမ်းပြည်နယ်ဘက်သို စစ်ချီလေ့ရှိခဲ့ပါသည်။
ထို့ပြင်ဓနုလူမျိုးတို့သည် အဆိုပါ ၅ မြို့နယ်နှင့် ဆက်စပ်လျက်ရှိသော တောင်ကြီးမြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်းမှ သီပေါမြို့နယ်နှင့်ကျောက်မဲမြို့နယ်များတွင်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးမှ သာစည်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်များတွင်လည်းကောင်း အနည်းငယ်နေထိုင်ကြ ပါသည်။ လက်ရှိဓနုလူဦးရေမှာ ၂၀၁၈ ခုနှစ်၊ ခန့်မှန်းစာရင်းအရ ၄ သိန်းခန့်ရှိပြီး ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားများအနက် စတုတ္ထမြောက် လူဦးရေအများဆုံးဖြစ်ပါသည်။ မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများအနေဖြင့် လူဦးရေအများဆုံးအဆင့် ၁၀ မှာရှိပါသည်။
ဓနုလူမျိုးတို့သည် ရှေးယခင်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ပြီး အလှူအတန်းရက်ရောသော လူမျိုးဖြစ်ကြပါသည်။ ဓနုဒေသအတွင်း ပွဲတော်များတွင် ဓနု အိုးစည်သည် မပါမဖြစ်ထင်ရှားသော ဓနုရိုးရာတူရိယာဖြစ်ပါသည်။ ဓနုဒေသအချို့တွင် ဓနုဗြော များဖြင့်အလှူပွဲများတွင် ဧည့်ခံလေ့ရှိကြပါသည်။
ဓနုလူမျိုးများသည် လက်ရှိဓနုဒေသတွင် ပုဂံခေတ်ကာလကတည်းက နေထိုင်အခြေချခဲ့ ပြီးဖြစ်သည်ဟု ယူဆနိုင်သည့် အထောက်အထားများတွေ့ရှိထားပါသည်။ လက်ရှိတွေ့ရှိထားသော အထောက်အထားများအရ ဓနုလူမျိုးတို့သည် ပထမအင်းဝခေတ်ကတည်းကပင် မြန်မာဘုရင် လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့်နေထိုင်ခဲ့ကြသော သမိုင်းကြောင်းရှိခဲ့ပါသည်။ သီပေါ မင်းပါတော်မူသည့် ၁၈၈၅ ခုနှစ်အထိ ဓနုဒေသတွင် ငွေခွန်မှူးများ အုပ်ချုပ်ခဲ့သည့်နယ်များမှာ ဘော်နယ်(ရေဦးနယ်)၊ ရွာငံနယ်၊ မြင်းကျဒိုးနယ်၊ ကျုံးနယ်၊ ပင်းတယနယ်၊ ပွေးလှနယ်၊ ဘော်ဆိုင်း နယ်၊ သာမိုင်းခမ်းနယ် စသည်တို့ဖြစ်ပါသည်။ လက်ရှိဓနုလူမျိုးများစွာ နေထိုင်ကြသော ရပ်စောက် သည်လည်း ပုဂံခေတ်ကာလကတည်းက တည်ရှိခဲ့သော သမိုင်းကြောင်းရှိခဲ့ပြီး စော်ဘွားအုပ်ချုပ်ခဲ့ သောဒေသဖြစ်ပါသည်။
ဓနုဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်ပြီး ဓနုဒေသထွက် ကော်ဖီ၊ လက်ဖက်၊ လက်ဖက်ခြောက်၊ အာလူး၊ မုန်လာထုပ်စသည့်သီးနှံများကို စိုက်ပျိုးကာ ပြည်မသို့ တင်ပို့ရောင်းချကြသည်။ ရွာငံဒေသတွင် ထွက်သောကော်ဖီသည် ကမ္ဘာ့အဆင့်အတန်းမီအဖြစ် သတ်မှတ်ခံရပြီး ကော်ဖီပင်အများအပြားကို စိုက်ပျိုးကာ နိုင်ငံတကာအဆင့်မီ ကော်ဖီမှုန့်များ ထုတ်လုပ်လျက်ရှိပါသည်။ ဓနုဒေသတွင် ပင်းတယရွှေဥမှင်ဂူသည် ပင်းတယတပေါင်းပွဲတော်နှင့် တွဲလျက်ထင်ရှားသော ဘုရားဖြစ်သည်။ ရွာငံမြို့နယ်တွင်လည်း ရေတံခွန်များ၊ ဂူများနှင့် သဘာဝ အလှအပများရှိသောကြောင့် ခရီးသွားများအကြား ထင်ရှားသောဒေသတစ်ခုဖြစ်ပါသည်။ ကျောက် ခေတ်လူသားများနေထိုင်ခဲ့ပြီး ကျောက်ခေတ်ပန်းချီလက်ရာများရှိသည့် ပြဒါးလင်းဂူသည် ရွာငံ မြို့နယ်အနောက်ပိုင်းတွင် တည်ရှိပါသည်။
ဓနုလူမျိုးတို့သည် အသံကွဲမြန်မာစကားပြောဆိုသော တိုင်းရင်းသားများဖြစ်သော ကြောင့် ဓနုတို့ပြောဆိုသော ဘာသာစကားတွင် ရှေးခေတ်မြန်မာစကားအသုံးအနှုန်းအချို့လည်း ပါဝင်နေပါသည်။ ဓနုတိုင်းရင်းသားတို့သည် ဓနုနယ်မြေအတွင်း၌ အသံကွဲမြန်မာစကားပြောဆို သော တောင်ရိုးတိုင်းရင်းသားများနှင့်လည်း အနီးကပ်နေထိုင်နေကြပြီး အခြားတိုင်းရင်းသားများ ဖြစ်သော ပအိုဝ်း၊ ပလောင်၊ ရှမ်းတိုင်းရင်းသားများနှင့်လည်း ခေတ်အဆက်ဆက်ကတည်းက ယခု အချိန်အထိ ချစ်ခင်ရင်းနှီးစွာ နေထိုင်နေကြပါသည်။