တောင်ကြီး ဇန်နဝါရီ-၂၀
တောင်ကြီးမြို့၊ မြို့ရှောင်လမ်းဘေးဧရိယာ ၂၀ ဧကပေါ်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ၁၀၀% ဖြင့် ကုန်တင်ယာဥ်ကြီးများရပ်နားစခန်း တည်ဆောက်ရန်အတွက် M4 MEGA Co.,Ltd မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းခြင်းကို ဇန်နဝါရီလ(၂၀)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကုန်တင်ယာဥ်ကြီးများရပ်နားစခန်းတွင် ပါဝင်ရမည့်အချက်အလက်များ၊ စီမံကိန်း တည်ရှိသည့်နေရာများနှင့်ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရှင်းလင်းပြီး M4 MEGA Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်ထွန်းဦးက တောင်ကြီးမြို့ရှောင်လမ်းပေါ်တွင် တည်ဆောက်မည့် ယာဥ်ရပ်နားကွင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် M4 MEGA Co.,Ltd စီမံကိန်းဒါရိုက်တာ ဦးအာကာဆန်း မှ တောင်ကြီးမြို့၊ မြို့ရှောင်လမ်းပေါ်ရှိ ယာဥ်ရပ်နားကွင်းပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှင်းလင်းတင်ပြထားသည့် Plan အပေါ် သက်ဆိုင်ရာဌာနများမှ ဆွေးနွေး ပေးကြရန်၊ ကားကြီးကွင်းသည် ကုန်တင်ကားကြီးများအတွက်ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယာဥ်များစနစ်တကျထားရှိနိုင်ရန်အတွက် မြေဧရိယာလုံလောက်မှုရှိမရှိ စိစစ်ပေးရန် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
၎င်းနောက် တက်ရောက်လာကြသော သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က စီမံကိန်းနှင့် ပတ်သက်၍ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများမှလည်း လုပ်ငန်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ပေးကြရန်၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးကြရန် လိုအပ် ပါကြောင်း ပြည်သူလူထုများ ကုန်စည်သွားလာမှုစနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ပေးကြရန် လမ်းညွှန်းပြောကြားသွားကြောင်း သိရသည်။
အလားတူ UniEnergy ကုမ္ပဏီမှ အေးသာယာစက်မှုဇုန် လျှပ်စစ်ဆိုလာProjectနှင့်စပ်လျဥ်း၍ လာရောက်ရှင်းလင်းရာ UniEnergyကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးအောင်နိုင်ဦးမှ လျှပ်စစ်ဆိုလာProjectနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆိုလာလျှပ်စစ်မီးဆောင်ရွက်မည့် မြေနေရာကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့်သက်ဆိုင်ရာဌာနများမှဆွေးနွေး၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မီးရရှိရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်းအမှာစကားပြောကြားရာ စက်မှုဇုန်နှင့် ပြည်နယ်အတွက် ဘက်ပေါင်းစုံအကျိုးရှိသည့်အတွက် ကုမ္ပဏီအနေဖြင့်လည်း အမြန်ဆုံးဆောင်ရွက် ပေးကြရန်၊ သက်ဆိုင်ရာဌာနများကလည်း စာရွက်စာတမ်းနှင့်ပတ်သက်၍ ရှုပ်ထွေးမှုမရှိအောင် အမြန်ဆုံးတင်ပြဆောင်ရွက်ပေးရန်နှင့် ကုမ္ပဏီအနေဖြင့်လည်း လုပ်ငန်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန်ပြောကြားသွားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့