တောင်ကြီး                                                                              ဇွန်-၆

ဆေးတက္ကသိုလ်-တောင်ကြီး တတိယအမ်ဘီဘီအက်စ် (၅/၂၀၂၃) သင်တန်း White Coat Ceremonyဂျူတီကုတ်ပေးအပ်ပွဲကို ဇွန်(၅)ရက် မွန်းလွဲ(၁)နာရီကတောင်ကြီးမြို့၊ တောင်ကြီးဆေးတက္ကသိုလ် ချယ်ရီခန်းမ၌ ကျင်းပသည်။

ဂျူတီကုတ်ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ဆေးတက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိရန်အတွက် အလွန်တစ်ရာ ကြိုးစားခဲ့ရပြီးအသက်မွေးဝမ်းကျောင်း သမိုင်းမှတ်တိုင်တစ်ခု ရောက်ရှိကြပြီဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ခေတ်အချိန်အခါတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ သိသိသာသာ ပြောင်းလဲတိုးတက် လာအောင် ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲလုပ်ဆောင်လာနိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဂျူတီကုတ်နှင့် ပတ်သက်ပြီး ကျောင်းသား၊ကျောင်းသူများကို အကြံပြုလိုသည်မှာ လူနာများကို ပြုစုစောင့်ရှောက်မှုပေးသောကဏ္ဍတွင် သန့်ရှင်းဖြူစင်သော ဂျူတီကုတ်များသည် ဆေးပညာရှင် တစ်ယောက်ပီသစွာ ပြုမှုနေထိုင်ခြင်းဖြင့် အံ့ဖွယ်စွမ်းဆောင်မှုများကို ပေးစွမ်းနိုင်ကြောင်း၊ ဂျူတီကုတ်အဖြူဝတ်ဆင်လိုက်ခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ခရီးတစ်ခုကို ပထမဆုံးခြေလှမ်းသစ် စလိုက်သည့်အတွက် သိရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှဝင်းမြင့်က ဂျူတီကုတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယ အမ်ဘီဘီအက်စ်နှင့်တတိယအမ်ဘီဘီအက်စ် သင်တန်းများတွင်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တတိယအမ်ဘီဘီအက်စ်(၅/၂၀၂၂) သင်တန်းမှပညာရည်ချွန်ဆု ပထမ၊ဒုတိယ၊တတိယဆုရရှိသူများအား ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယအမ်ဘီဘီအက်စ် (၁၂/၂၀၁၉)သင်တန်းမှ ပညာရည်ချွန် ဆုပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဆုများချီးမြှင့်ပေးကြသည်။

ထို့နောက် ဆေးတက္ကသိုလ်-တောင်ကြီး၊ တတိယအမ်ဘီဘီအက်စ်(၅/၂၀၂၃)သင်တန်းမှ ကျောင်းသား၊ကျောင်းသူများကို ဆရာကြီး၊ဆရာမကြီးများက ဂျူတီကုတ်များဝတ်ဆင်ပေးကြပြီး ဆရာဝန်များ၏ အဓိဋ္ဌာန်ပြု ကတိသစ္စာရွတ်ဆို၍ ဆေးတက္ကသိုလ်-တောင်ကြီး တတိယအမ်ဘီဘီအက်စ်(၅/၂၀၂၃)သင်တန်းမှ ကျောင်းသား၊ကျောင်းသူများကိုယ်စား မောင်ညီမင်းဟိန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဆေးတက္ကသိုလ်-တောင်ကြီး တတိယအမ်ဘီဘီအက်စ်(၅/၂၀၂၃)သင်တန်းမှ ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေတင်ဆက်ကြကြောင်း သိရှိရသည်။

အဆိုပါ ဆေးတက္ကသိုလ်တောင်ကြီး တတိယအမ်ဘီဘီအက်စ် (၅/၂၀၂၃) သင်တန်းတွင် ဂျူတီဂုတ်ရ အမျိုးသား (၆၀)ဦး ၊ အမျိုးသမီး (၅၈) ဦး စုစုပေါင်း (၁၁၈) ဦးရရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့