တောင်ကြီး ဒီဇင်ဘာ-၃
မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်းမြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ လူ့အခွင့်အရေးများနှင့် ကောင်းကျိုးစီးပွားတို့အတွက် ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး စည်းရုံး လှုံ့ဆော်ရန်အတွက် ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဒီဇင်ဘာ(၃)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ သူငယ်တော်ယေဇူး မသန်စွမ်းနှင့်မိဘမဲ့ဂေဟာခန်းမ၌ ကျင်းပသည်။
အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြန်မာနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၁၉၉၄ခုနှစ်မှ စတင်၍ အစဥ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ United in action to rescue and achieve the SDGs for, With and by persous With disabilities ဖြစ်ပြီး မြန်မာဘာသာ ပြန်ဆိုထားသည့် ဆောင်ပုဒ်မှာ “စဥ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့် အတူကူညီဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအတွက် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ ဘဝအခြေအနေ မြင့်မားတိုးတက်စေရေး၊ နောက်ကျမကျန်စေရေး အတွက် တီထွင်ဆန်းသစ်မှု နည်းပညာနှင့် ပြုပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်၍ လက်လှမ်းမှီ ရယူအသုံးပြုနိုင်ပြီး ညီမျှသည့် လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ၂၀၂၃ခုနှစ် ဒီဇင်ဘာ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးမှပေးပို့လာသော သဝဏ်လွှာ Video Clip ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip ပြသပြီး သူငယ်တော်ယေဇူး မသန်စွမ်းနှင့် မိဘမဲ့ဂေဟာမှ ကလေးငယ်များက မေတ္တာစက်ဝိုင်းသီချင်းဖြင့် အဖွဲ့လိုက် သီဆိုဖျော်ဖြေခြင်းနှင့် လိုက်ခဲ့တော့ သူငယ်ချင်း သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မသန်စွမ်း ကလေးများအား အမှတ်တရ လက်ဆောင်ပေးအပ်ကြ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သူငယ်တော်ယေဇူး မသန်စွမ်းနှင့် မိဘမဲ့ဂေဟာအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ရာ တာဝန်ရှိသူ Sister မှလက်ခံရယူကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး