တောင်ကြီး ဒီဇင်ဘာ၁
၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် အားကစားအဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ဒီဇင်ဘာ(၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရေးရုံး၌ ကျင်းပသည်။
ဦးစွာ ပြိုင်ပွဲဝင်အားကစားအဖွဲ့ဝင်များဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ အုပ်ချုပ်မှူးအဖွဲ့နှင့် အားကစားသမားများက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအတွင်းရေးမှူးတို့အား အဖွဲ့လိုက် မိတ်ဆက်ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက မိန့်ခွန်းစကားပြောကြားရာ ယနေ့အခမ်းအနားသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လယ်ဝေးလူငယ် လေ့ကျင့်ရေးစခန်းတွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၄)ရက်မှ (၁၅)ရက်နေ့အထိ ကျင်းပမည့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ ရှမ်းပြည်နယ် ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ကိုယ်စားပြု ထူးချွန်သောအားကစားသမားများ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် လူရွေးပွဲများကို အဆင့်ဆင့်ကျင်းပခဲ့ပြီး ယခု ရှမ်းပြည်နယ်ကိုယ်စားပြု အားကစားနည်း (၇)မျိုးအတွက် ထူးချွန်သောလက်ရွေးစင် အားကစားသမားများဖြင့် နေပြည်တော် (ဗဟို) အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ရမည် ဖြစ်ပါကြောင်း၊ ယခုရွေးချယ်ခံထားရသော အားကစားမောင်မယ် (၁၁၂)ဦးသည် ခရိုင်အုပ်စုအသီးသီးမှ လာရောက် ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်(၆၃၃)ဦးမှ အားကစားနည်းအလိုက်ထူးချွန်၍ ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံထား ရသူများဖြစ်ပြီး အားကစားမောင်မယ်များအနေဖြင့် ရှမ်းပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်သော အားကစားသမားများဖြစ်အောင် အစွမ်းကုန် ကြိုးစားအားထုတ်ကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အခြေခံပညာ ကျောင်းသားအားကစား အသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူတာဝန်ရှိသူများမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအတွင်းရေးမှူးတို့က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး