တောင်ကြီး နိုဝင်ဘာ-၂၈
၂၀၂၃ခုနှစ် တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာ(၂၇)ရက် ည(၁၀)နာရီက တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ ၂၀၂၃ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။
ပိတ်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားစာပေယဥ်ကျေးမှု အဖွဲ့များမှ ကပြဖျော်ဖြေကြပြီး နိုဝင်ဘာ(၂၇)ည၏ ပြိုင်ပွဲဝင်မီးပုံးပျံများဖြစ်သော ညမီးကြီးယမ်းမီး(၂၂)ပေ မီးပုံးပျံ(၆)လုံးနှင့် စိန်နားပန် မီးပုံးပျံ(၁)လုံး ပြိုင်ပွဲပါဝင်လွှတ်တင်ရာ ဒေသခံပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဧည့်ပရိတ်သတ်များ၊ ပွဲတော်လာ ဧည့်ပရိတ်သတ်များနှင့် ခေတ်ပေါ်တေးဂီတဝိုင်းများဖြင့် ရုပ်ရှင်သရုပ်ဆောင်များ၊ ဒေသခံ အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာပွဲတော်ကိုပါဝင် ဆင်နွဲကြကြောင်းသိရသည်။
ဆက်လက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအဖွဲ့(၄)ကျောင်း၊ အကနည်းပြများ၊ အခမ်းအနားမှူး(၄)ဦးတို့ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး၊ တိုင်းမှူး၏ ဇနီးတို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ မသိုးသင်္ကန်း ရက်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးမှ ချီးမြှင့်ပေး၍ လည်းကောင်း၊ နေ့လွှတ်အရုပ်ပြိုင်ပွဲတွင် ခြေ(၂)ချောင်း၊ခြေ(၄)ချောင်း၊ အုပ်စုပြိုင်ပွဲ ဆုရရှိသူများကို မီးပုံးပျံပညာရှင်များမှ ချီးမြှင့်ပေး၍ လည်းကောင်း၊ ညလွှတ်မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး(၂၂)ပေ၊ (၂၅)ပေအဖွဲ့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ် ၊ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ တိုင်းရင်းသားစာပေယဥ်ကျေးမှု အကအဖွဲ့(၁၀)ဖွဲ့၊ ဖွင့်ပွဲ၊ပိတ်ပွဲသီချင်း သီဆိုပေးသော အဆိုတော် စိုင်းဟိန်းကို၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ဖျော်ဖြေပေးခဲ့သော Power King တေးဂီတအဖွဲ့၊ မီးပုံးပျံပြိုင်ပွဲတွင် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပေးခဲ့သော ဦးကျော်ကျော်ဝင်းနှင့်အဖွဲ့၊ မီးပုံးပျံ ဖြစ်မြောက်ရေးအတွက် ပညာရှင်များတို့ကို ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးပြီး ၂၀၂၃ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို ပိတ်သိမ်း ကြေငြာကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး