တောင်ကြီး နိုဝင်ဘာ-၂၇
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၂၆)ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာစေတီတော် ဘုရားရင်ပြင်တွင် ကျင်းပသည်။
မသိုးသင်္ကန်း ရက်လုပ်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် သူဇာတာစင်တော်၊ သာမာဝတီစင်တော်၊ ဓမ္မဒိန္နာစင်တော်၊ ယသော်ဓရာစင်တော်၊ ဥပ္ပလဝဏ်စင်တော်တို့တွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသူလေးများက မသိုးသင်္ကန်း ရက်လုပ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှူ အားပေးကြကြောင်း သိရသည်။
ဆက်လက်၍ နိုဝင်ဘာ(၂၇)ရက် နံနက်(၄)နာရီက တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာ စေတီတော်၌ စူဠာမုနိ လောကချမ်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တာဝန်ရှိသူများအား ရက်လုပ်ပြီး မသိုးသင်္ကန်းများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဦးဆောင်၍ စူဠာမုနိ ဘုရားတစ်ပတ် လှည့်လည်ပြီး စေတီအတွင်းရှိ ရုပ်ပွားတော်များအား မသိုးသင်္ကန်း ဆက်ကပ်၍ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်၍ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ ကံသာရပ်ကွက် စွန်းလွန်းဂူကမ္မဋ္ဌာန်း ကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော် အရှင်သူမြတ်များ ပွားများအပ်သော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်၊သံဃာတော်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးကြပြီး တောင်ကြီးမြို့၊ ရှမ်းပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ပေးကြကြောင်းသိရသည်။
၎င်းနောက် အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံကြီး၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပရာ အခမ်းအနားကို ဆရာတော်၊သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါစရိယ စွန်းလွန်ဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓနာနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ပွားများအပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ယင်းနောက် ကထိန်လျာသင်္ကန်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော် သံဃာတော်များအား ဆက်ကပ်လှူဒါန်းပေးကြပြီး ကထိန်သင်္ကန်းအလှူခံ မရရှိသော ဘုန်းကြီး ကျောင်းများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များတို့က ဆက်ကပ်လှူဒါန်းပေးကြပြီးလှူဒါန်းမှု အစုစုအတွက် ရှမ်းပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ခုနှစ် (၇၃)ကြိမ်မြောက် တောင်ကြီးမြို့၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတွင် အလှူရှင်များ ထည့်ဝင်လှူဒါန်းမှုမှာ ပဒေသာပင်(၁၃၈)ပင်၊ တန်ဘိုးငွေ(၁၃၈၄)သိန်း၊ ငွေသားထည့်ဝင် လှူဒါန်းမှု(၂၉၅)သိန်း ၊ စုစုပေါင်း(၁၆၇၉)သိန်းရရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး