တောင်ကြီး နိုဝင်ဘာ-၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ (၇၃)ကြိမ်မြောက်၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ(၂၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ မြို့မရဲစခန်းရှေ့တွင် စုရပ်(၁)နှင့် ခမ်းလီစိန်ရွှေရတနာဆိုင်ရှေ့ ကုန်သည်လမ်း တွင်စုရပ်(၂)ဖြင့် စတင်လှည့်လည်ကြကြောင်း သိရသည်။
မြို့လုံးကျွတ် မဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဦးဆောင်၍ ပဒေသာပင်များကို စတင် လှည့်လည်ပေးကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိရပ်ကွက်များ၊ စျေးသူစျေးသားများ၏ ပဒေသာပင်များကို ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်မှ အရှေ့မြို့ပတ်လမ်း တစ်လျှောက်နှင့် ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ ခြင်္သေ့လမ်းမှ ထွက်၍ ဗိုလ်ချုပ်အောင်ဆန်းလမ်း အတိုင်း လှည့်လည်လာရာ လမ်းဘေးဝဲယာ ပြည်သူများ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုကြပြီး ပဒေသာပင်များကို အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာ ဘုရားမြို့လယ်ဓမ္မာရုံသို့ ပို့ဆောင်ပေးကြသည်။
အဆိုပါ တောင်ကြီးမြို့ (၇၃)ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၁၀၁)ကျောင်းအတွက် ပဒေသာပင်များ ခွဲဝေကပ်လှူ သွားမည် ဖြစ်ကြောင်းနှင့်ပဒေသာပင်(၈၆)ပင် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး