တောင်ကြီး နိုဝင်ဘာ-၁၁
(၂၂)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနား ကို နိုဝင်ဘာ(၁၁)ရက် မွန်းလွဲ (၁) နာရီက တောင်ကြီးမြို့ အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား ၊ မြို့လယ် ဓမ္မာရုံ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော် သံဃာတော် ၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က “နမော တဿ သုံးကြိမ်” ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် ဩဝါဒါစရိယ ၊ အဂ္ဂမဟာ ပဏ္ဍိတ မဟာကမ္မဌာနစရိယ ၊ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ မြို့လယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်မှ (၂၂) ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ ကျင်းပအောင်မြင်မှု အခြေအနေများကို ဆရာတော်များအား ဖတ်ကြား လျှောက်ထားပြီး ကမ္ဗောဇသာမဏေကျော် ဘွဲ့ရ “သာမဏေကျော်” များအား ဘွဲ့ပုံတော်နှင့် ဘွဲ့တံဆိပ်တော် ဘွဲ့အလံတော်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဆက်ကပ်လှူဒါန်း ပေးကြပြီး စာမေးပွဲ အဆင့်အလိုက် အောင်လက်မှတ် ၊ စာအောင်ဆုများကို မြို့လယ် ဓမ္မာရုံဂေါပက ၊ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် တောင်ကြီးမြို့ အမှတ် (၅၆) ကမ္ဗောဇလမ်း သစ်တောရပ်ကွက် ၊ အကွက်အမှတ် (၃၀) ဦးပိုင်အမှတ် ၁၃/က နေ ဦးဧမှ မိမိပိုင်ဆိုင်သော ဧရိယာ (၀.၁၂၁ ) ဧကရှိ မြေနှင့်အဆောက်အဦအား တောင်ကြီးမြို့လယ် ဓမ္မာရုံမှပြုလုပ်သော ကမ္ဗောဇသာမဏေကျော် စာမေးပွဲ ကျင်းပရေးအဖွဲ့သို့ လှူဒါန်းပေးပြီး ရှမ်းပြည်နယ် သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ တောင်ကြီးမြို့ ၊ သိမ်တောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တ တေဇဝန္တ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို “ ဗုဒ္ဓဿာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ဧည့်ပရိတ်သတ်တို့က ဆရာတော် သံဃာတော်ကြီးများအား စာအောင်သာမဏေကျော်တို့ကို လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်‌ လောင်းလှူပေးကြကြောင်းနှင့် (၂၂) ကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာပြန်ပွဲတွင် ပထမအဆင့် (၂၄၂) ပါး ဖြေဆိုပြီး (၂၂၀) ပါး အောင်မြင် ၊ ဒုတိယအဆင့် (၁၇၈) ပါးဖြေ (၉၆) ပါးအောင် ၊ တတိယအဆင့် (၁၀၁) ပါးဖြေ (၂၇) ပါး အောင် ၊ စုစုပေါင်း (၃၄၃) ပါးအောင်မြင်ပြီး သာမဏေကျော် (၂၇) ပါးအောင်မြင်ကြောင်း နှင့် စာရင်းရှိ ဖြေဆို စုစုပေါင်း (၇၀၃) ပါး ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး