တောင်ကြီး နိုဝင်ဘာ-၈
၂၀၂၃ ခုနှစ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ကို နိုဝင်ဘာ(၈)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ၊ ရှမ်းပြည်နယ်အစိုးရရုံး၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပွဲတော်အစဥ်အလာကို အကောင်အထည်ဖော် ပေးပါကြောင်း၊ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆွေးနွေးပေးကြရန်နှင့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကော်မတီအသီးသီးက လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော လုပ်ငန်းကော်မတီများမှ လုပ်ငန်းကဏ္ဍ အလိုက်တင်ပြဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးကြပြီး တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကား ပြောကြားပြီး အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ကော်မတီအဖွဲ့များ တက်ရောက် ကြကြောင်း သိရှိရသည်။
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ (၂၁) ရက်မှ (၂၇) ရက် အထိ ကျင်းပသွားမည် ဖြစ်ပြီး ပွဲတော်ရက်အတွင်း စိန်နားပန် မီးပုံးပျံ (၂၅) လုံး ညမီးကြည်းမီးပုံးပျံ (၃၈) လုံး စုစုပေါင်း (၆၃) လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်းနှင့် အစားသောက်ဆိုင်ခန်းများ ဒေသထွက်ကုန်များဖြင့် စည်ကား သိုက်မြိုက် စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး