တောင်ကြီး နိုဝင်ဘာ-၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ(၇)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နှစ်ပတ်လည် အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး၊ စံတန်ဖိုး(၆)ရပ်ဖြစ်သည့် ကျယ်ကျယ်ပြန့်ပြန့်စဥ်းစား၊ အင်တိုက်အားတိုက်လုပ်၊ မှန်မှန်ကန်ကန်ပြောဆို၊ ခိုင်ခိုင်မာမာရပ်တည်၊ ရိုးရိုးသားသားနေထိုင်ပြောဆို၊ ပြည်သူများနှင့် ပြေပြေပြစ်ပြစ်ယဥ်ယဥ်ကျေးကျေးဆက်ဆံ၊ ဌာန၏ မူဝါဒဖြစ်သည့် နိုင်ငံတော် မူဝါဒလိုက်နာရေး၊ အခြေခံသဘောတရားနှင့် ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေး၊ ဌာန၏ဆောင်ပုဒ်ဖြစ်သည့် “ပြုပြင်ပြောင်းလဲမှုအစထွေအုပ်က” ဆိုသည့် အချက်များ ချမှတ်ပြီး ဌာနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေတ်အဆက်ဆက်၏ အုပ်ချုပ်ရေး လုပ်ငန်းတာဝန်များကို ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရယန္တရား အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်မောင်းနှင်ပေးသည့်ဌာန တစ်ခုဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ဌာနဖြစ်သောကြောင့် ပေးအပ်သော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ပေးကြရန် မိမိတို့ ဌာနအတွင်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့် နိုင်ငံတော်၏ အားထားရသော ဌာနတစ်ခုဖြစ်အောင် ဝန်ထမ်းများအားလုံး မိမိတို့ တာဝန်ကိုယ်စီကို ကျေပွန်အောင် ဆောင်ရွက်ပေးကြရန်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည် နေ့တွင် စိတ်ဓာတ်ခွန်အားသစ်များမွေးမြူပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းသွားကြရန် ပြောကြားသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခေတ်အဆက် ဆက် အုပ်ချုပ်ရေးသမိုင်း Video Clip ပြသ၍ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည် နေ့အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်းမှ လက်ခံရယူပြီး ဂုဏ်ပြု ထိုက်သော ဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်းက ဝန်ထမ်းများအား လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် နိုဝင်ဘာ(၆)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံတွင် (၃၅)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြည်နယ်၊ခရိုင်၊မြို့နယ်များမှ ဝန်ထမ်းများက သွေးလှူဒါန်းနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှူအားပေးစကား ပြောကြားပြီး အာဟာရပြည့် စားသောက် ဖွယ်ရာများ ပေးအပ်၍ စဝ်စံထွန်းဆေးရုံအုပ်ကြီးမှ သွေးလှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်းက လက်ခံရယူကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး