တောင်ကြီး နိုဝင်ဘာ-၃
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲကို နိုဝင်ဘာလ(၂)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မောင်တို့မယ်တို့ ယခုတက်ရောက်ပညာသင်ကြားမည့် ဖွံ့ဖြိုးရေး တက္ကသိုလ်သည် မောင်တို့မယ်တို့ကို ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးစေလျက် ပြည်ထောင်စုကြီးထာဝစဉ် တည်တံ့ခိုင်မြဲရေး အတွက် တိုင်းရင်းသားများကို လူစွမ်းအားအရင်းအမြစ် စွမ်းရည်မြှင့်တင်ပေးပြီး အချင်းချင်းနားလည်မှု၊ လေးစားမှု ပိုမိုရရှိစေရန်နှင့် ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သော နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ နိုင်ငံတော်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော ပညာရေးဝန်ထမ်းကောင်း ဆရာ/ဆရာမများနှင့် နိုင်ငံဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် မွေးထုတ်ပေးရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၏ ရည်ရွယ်ချက်များကို ဆက်လက်ပြောကြားလိုသည်မှာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံး ချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် ဦးဆောင်နိုင်စွမ်းရည်မြှင့်တင်ရန်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်မှုကို ရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူရန်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည် ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်၊ မောင်မယ်တို့သည် ကျောင်းတော်ကြီး၏ ရည်ရွယ်ချက်များကို အလေးထားလိုက်နာပြီး လက်တွေ့လုပ်ငန်းခွင်တွင် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်း သား၊ သင်တန်းသူ(၆၅)ဦးအား တစ်ဦးလျှင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီး ချီးမြှင့်ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် တွင် တက်ရောက်မည့်သင်တန်းသူမှ ကျေးဇူးတင်စကားပြောကြားပြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သင်တန်းသား/ သင်တန်းသူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ကြကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေကျပ် (၃,၂၅၀,၀၀ဝ)ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး