ညောင်ရွှေ နိုဝင်ဘာ-၁
အင်းလေးဖောင်ဦး မြတ်စွာဘုရား ရုပ်ရှင်မြတ်များ အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီအပူဇော်ခံပြီး နိုဝင်ဘာ(၁)ရက် နံနက်(၉)နာရီက ရေသာကုန်းကျေးရွာကျောင်းမှ မူလစံကျောင်းတော်သို့ ပြန်လည် ကြွဝင်လာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကရဝိတ် ဖောင်တော်ပေါ်မှ ပင့်ဆောင်ပေးကြပြီး မူလကိန်းဝပ်စံပယ်တော်မူသည့် ပလ္လင်ပေါ်သို့ ပင့်ဆောင် ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဖောင်တော်ဦး မြတ်စွာဘုရားအား ပန်း၊ရေချမ်း၊ရွှေသင်္ကန်းတို့ ဆက်ကပ်လှူဒါန်းပေးကြပြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ၂၁ ဌာန အပူဇော်ခံသင်္ကန်းတော်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကြွရောက်လာကြသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ၊ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်သူတို့အား ပေးအပ်ခဲ့ကြပြီး အင်းလေးဒေသ သာလေး ကျေးရွာ အုပ်စု နမ့်ဟူးကျောင်းဆောင်၌ ဖောင်တော်ဦး မြတ်စွာဘုရား မူလကိန်းဝပ်စံပယ်တော်မူသော စံကျောင်းတော်ဝင်ပွဲ ကျင်းပရာ ဆရာတော်၊သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓန နာယက အဘိဓဇမဟာရဋ္ဌ ဂုရုဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များ နာယူကာ ကြည်ညိုကြသည်။၊
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော် သြဝါဒါစရိယ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး