တောင်ကြီး အောက်တိုဘာ-၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး ၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ (၂၉)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့် စေတီတော်တွင် (၅)ရက်တိုင် အသံမစဲ ပဌာန်းရွတ်ဖတ် ပူဇော်အောင်ပွဲ တက်ရောက်ကြကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်ဓမ္မာရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်အောင်ပွဲ အခမ်းအနားကို ဆရာတော်၊သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယ) ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်မာဏဝက ပဋ္ဌာန်းအောင်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့် ပြည်နယ်ဥပဒေချုပ်တို့က ဆရာတော်၊ သံဃာတော် များအားလှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြ၍ ရှမ်းပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်အာစိဏ္ဏကနတ်၊ ဗြဟ္မာများအားပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ ရွှေဘုန်းပွင့်စေတီတော်တွင် သီတင်းကျွတ် လပြည့်အဘိဓမ္မာနေ့ဖြစ်၍ ဘုရာဖူးပြည်သူများ၊ ဧည့်သည်များ စည်ကားလျက်ရှိပြီး တောင်ကြီးမြို့၏ ရှူခင်းများကြည့်ရှု၍ ပျော်ရွှင်စွာ အမှတ်တရ ဓါတ်ပုံရိုက်ကူးနေကြသည်ကိုတွေ့ရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး