ရပ်စောက် အောက်တိုဘာ-၂၅
Mekong Lancang Cooperation ပူးပေါင်းဆောင်ရွက်ရေး ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ် ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကို အောက်တိုဘာ(၂၄)ရက် နံနက်(၁၀)နာရီက ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာ၌ ကျင်းပသည်။
မိတ်ဆက်ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စတင်ဖွဲစည်းခဲ့သော ၂၀၁၂ခုနှစ်မှ စတင်ရေတွက်ပါက ရှမ်းပြည်နယ်အတွင်း ယနေ့အချိန်အထိ ကျေးရွာစုစုပေါင်း (၄၃၄၅)တွင် ရေရရှိရေး လုပ်ငန်းပေါင်း(၄၄၁၉)ခု ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊ လက်ရှိ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိကျေးရွာ(၂၄၁)ရွာသောက်သုံးရေရရှိရေးအတွက်လုပ်ငန်းပေါင်း(၂၄၈)ခုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိ ရေလွှမ်းခြုံမှုအနေဖြင့် (၈၁)ရာခိုင်နှုန်း ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် သောက်သုံးရေရရှိရေးအနေနှင့်သာမက ဆိုလာအမြင့်တင်စနစ်ဖြင့် ရှမ်းပြည်နယ်အတွင်း ကျေးရွာ(၉)ရွာကို စိုက်ပျိုးရေးရရှိရေးအနေဖြင့် ဆောင်ရွက်ပေးပြီးဖြစ်သည့်အပြင် ထပ်မံဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းနေမှုကို သိရှိရပါကြောင်း၊ နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍကိုပါ အထောက်အပံ့ဖြစ်လာသည့်အတွက် ကျေနပ်မိပါကြောင်း၊ ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တောင်ပေါ်ဒေသတွင် ရေသန့်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေ သွယ်တန်းခြင်းစီမံကိန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ရပ်စောက်မြို့၊ ကျောက်တောကျေးရွာ၊ ညောင်ရွှေမြို့နယ် ကုန်းခြံ(ထက်)ကျေးရွာ၊ လွိုင်လင်မြို့နယ် ဆင်တောင်ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး ရှမ်းပြည်နယ် အတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ တည်ဆောက်ခြင်းလုပ်ငန်းကို အေးသာယာမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများအားလုံး အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်နိုင်ရေး စီစဥ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု အကောင်အထည် ဖော်ဆောင်ရွက်မည့် တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော စိမ့်စမ်းရေ သွယ်တန်းခြင်း စီမံကိန်းဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ကြရန်၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ကျောက်တောကျေးရွာ စီမံကိန်းကျေးရွာ ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောက်တောကျေးရွာဖွံဖြိုးရေး အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ကျောက်တော ကျေးရွာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။
ထို့နောက် စီမံကိန်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်တို့က ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ဝန်ကြီးများက အမွှေးနံသာရည် ပက်ဖျန်းပေးကြ၍ ကျောက်တောကျေးရွာ အတွင်း ပေ (၁၅၆၀´×၁၂´×၇”) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးနေမှု ကိုလှည့်လည် ကြည့်ရှုကြကြောင်း သိရှိရသည်။
အလားတူ ညောင်ရွှေမြို့နယ် ကုန်းခြံ(ထက်) ကျေးရွာ၌ မွန်းလွဲ(၂)နာရီက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဖြင့် တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေ သွယ်ခြင်း မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အမှာစကားပြောကြား၍ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ စီမံကိန်းနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ကုန်းခြံ(ထက်) ကျေးရွာစီမံကိန်းကျေးရွာ ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကုန်းခြံ(ထက်) ကျေးရွာဖွံ့ဖြိုးရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ကျေးရွာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။
၎င်းနောက် စီမံကိန်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်တို့က ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်တို့က ဆိုင်းဘုတ်အား အမွေးနံသာရည် ပက်ဖျန်း ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး