တောင်ကြီး အောက်တိုဘာ-၁၈
၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို အောက်တိုဘာ(၁၇)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းသည်။
အောင်နိုင်ရေးအလံ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များ နှင့်အတူ ရှမ်းပြည်နယ်၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်များကနေပြီး ပြိုင်ပွဲဝင် (၃၆၇)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးသို့ အဆိုဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစား (၁၄)မျိုးဖြင့်လည်းကောင်း၊ အကဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစား (၁၁)မျိုးဖြင့်လည်းကောင်း၊ အရေးဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစား (၁)မျိုးဖြင့်လည်းကောင်း၊ အတီးဘာသာရပ်တွင် ပြိုင်ပွဲအမျိုးအစား (၂၂)မျိုးဖြင့်လည်းကောင်း စုစုပေါင်းပြိုင်ပွဲ အမျိုးအစား(၄၈)မျိုးတွင် ပြိုင်ပွဲဝင်(၁၂၄)ဦးဖြင့် သွားရောက်ယှဥ်ပြိုင်ကြမည် ဖြစ်သည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲတွင်လည်း ဂုဏ်သိက္ခာရှိရှိ ပါဝင်ယှဥ်ပြိုင်ကြရန်နှင့် ရှမ်းပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားပေးကြရန် အထူးမှာကြားလိုကြောင်း၊ ရှမ်းတိုင်းရင်းသား ရိုးရာယဥ်ကျေးမှု အကကိုလည်း အခြားတိုင်းနှင့် ပြည်နယ်များက ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား အားလုံး၏ကိုယ်စား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရှမ်းပြည်နယ်၏ကိုယ်စား ပြိုင်ပွဲမဝင်ရသော်လည်း ကျန်တိုင်းနှင့် ပြည်နယ်များ၏ စံအနေဖြင့် ကပြဖျော်ရမည့် ရှမ်းတိုင်းရင်းသား ရိုးရာယဥ်ကျေးမှု အကအဖွဲ့ ကိုလည်း စံပြအဖွဲ့ ပီသစွာ ပြိုင်ပွဲယှဥ်ပြိုင်ရမည်သကဲ့သို့ ကပြစေလိုကြောင်း၊ တိုင်းရင်းသား ရိုးရာယဥ်ကျေးမှု အကအဖွဲ့အဖြစ် ရှမ်းပြည်နယ် ကိုယ်စားပြု ကပြဖျော်ဖြေမည့် အင်းတိုင်းရင်းသား ရိုးရာယဥ်ကျေးမှု အကအဖွဲ့ကလည်း ပြည်နယ်ကိုယ်စားပြု ဖြစ်သည်နှင့်အညီ ကပြဖျော်ဖြေကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရှမ်းပြည်နယ် ကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်မည့် အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ရှမ်းပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် အတွင်းရေးမှူး တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုး တို့က လက်ခံရယူကြသည်။
ထို့နောက် ပြိုင်ပွဲဝင် စွမ်းရည်ပြ ဖျော်ဖြေရာ အသက်(၁၀)နှစ်မှ (၁၅)နှစ် အခြေခံပညာအဆင့် အမျိုးသမီးအဆိုပြိုင်ပွဲဝင် မဟန်ပြည့်ပြည့်ငြိမ်းက အဆင်းလှတဲ့ ပင်းတယသီချင်းဖြင့် ဖျော်ဖြေ၍ ဝါသနာရှင် ဒုတိယတန်းအဆင့် အမျိုးသမီးအက ပြိုင်ပွဲဝင် မရွှန်းလဲ့လဲ့ရွှေရည်ဝင်းက ကပြဖျော်ခြင်းနှင့် အသက်(၁၅)နှစ်မှ (၂၀)နှစ် အခြေခံပညာအဆင့် အိုးစည်ပြိုင်ပွဲဝင် အဖွဲ့က ဖျော်ဖြေတင်ဆက် ကြပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရှမ်းပြည်နယ် ကိုယ်စားပြု ယှဥ်ပြိုင်မည့် အဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး