တောင်ကြီး အောက်တိုဘာ – ၁၇
တောင်ကြီးပညာရေး ဒီဂရီကောလိပ်ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဥ်(၄/၂၃) ပထမ နှစ်နှင့် (၂/၂၂)ဒုတိယနှစ် ကြိုဆိုပွဲကို အောက်တိုဘာ (၁၇)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးပညာရေး ဒီဂရီ ကောလိပ် အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပညာရေးဌာနမှ ပုံမှန်အားဖြင့် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ် တို့တွင် နှစ်စဥ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သို့သော် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်း များတွင် ပညာရေးဘွဲ့(စာပေးစာယူ)မရရှိသေးသော ဆရာ၊ ဆရာမ ဦးရေစုစုပေါင်း (၁၄၂၃၅၇)ဦးရှိပြီး ဝိဇ္ဇာ/ သိပ္ပံ(မဟာဘွဲ့)ရရှိသူများလည်းပါဝင်နေပါကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ယခုအခါ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်(၂၅)ကျောင်းတွင် ပညာရေးဘွဲ့(B.Ed) စာပေးစာယူ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယခု၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် အမှတ်စဥ်(၄/၂၃)ထိ ရောက်ရှိခဲ့ပြီး၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၁)ရက်မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ အမှတ်စဥ်(၄/၂၃) ပထမနှစ်နှင့် (၂/၂၂) ဒုတိယနှစ်သင်တန်းတို့ကို အနီးကပ် သင်တန်းပို့ချခြင်းနှင့် စာမေးပွဲဖြေဆိုခြင်းတို့ကို ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်မည့် သင်တန်းသား များမှာ အမှတ်စဥ် (၄/၂၃)ပထမနှစ်တွင် ကျား(၃၀)ဦး၊ မ(၃၅၅)ဦးဖြစ်ပြီး ရှမ်းပြည်နယ် တောင်ကြီးခရိုင် (၂၈၉)ဦး၊ ကလောခရိုင်(၈၇)ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၈၅)ဦး၊ လွိုင်ခရိုင်(၃၂)ဦး၊ နမ့်စန်ခရိုင် (၂၅)ဦး၊ မိုင်းရှူးခရိုင်(၁၂)ဦး၊ လင်းခေးခရိုင်(၁၅)ဦး၊ ပျဥ်းမနားခရိုင်(၁)ဦး၊ စုစုပေါင်း(၃၈၅)ဦးဖြစ်ပါကြောင်း၊ အမှတ်စဥ်(၂/၂၂)ဒုတိယနှစ်တွင် ကျား(၂၇)ဦး၊ မ(၃၅၁)ဦး ဖြစ်ပြီး တောင်ကြီးခရိုင် (၁၃၆)ဦး၊ ကလောခရိုင် (၅၇)ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၇၀)ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃၁)ဦး၊ လွိုင်လင်ခရိုင် (၂၅)ဦး၊ နမ့်စန်ခရိုင်(၃၃)ဦး၊ မိုင်းရှူးခရိုင်(၁၃)ဦး၊ လင်းခေးခရိုင်(၁၃)ဦး စုစုပေါင်း(၃၇၈)ဦး တက်ရောက်သည် ကိုသိရှိရပါကြောင်း၊ ရှမ်းပြည်နယ်ရှိ ပညာရေးဒီဂရီကောလိပ် (၃)ကျောင်းတွင် ပညာရေးဘွဲ့(B.Ed) စာပေး စာယူ သင်တန်းကို တိုးချဲ့ဖွင့်လှစ်ခြင်းအားဖြင့် ရှမ်းပြည်နယ်အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ အတွက် စဥ်ဆက်မပြတ်သင်ယူမှု အခွင့်အလမ်းများရရှိလာပြီး သင်ကြားသင်ယူမှု အရည်အသွေးတိုးတက် မြင့်မားလာမှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် လိုအပ်နေသော အထက်တန်းပြ ရာထူးနေရာ များတွင်လည်း အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြည့်ဆည်း ပေးနိုင်မှာဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ တောင်ကြီးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းကြူဦးက ပညာရေး ဘွဲ့(B.Ed)စာပေးစာယူသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများကဆရာ၊ ဆရာမများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး