တောင်ကြီး အောက်တိုဘာ-၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ပွဲကို အောက်တိုဘာ(၁၁)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ၂၀၂၃ခုနှစ် ဩဂုတ်လ၂၄ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ (၁၁)ဖွဲ့ထံသို့ ရန်ပုံငွေကျပ် သိန်း(၆၅၀)ကျော် ကို ထောက်ပံ့ပေးနိုင်ခဲ့သလို ဩဂုတ်လ(၂၉)ရက်‌နေ့တွင်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့ (၅)ဖွဲ့ထံသို့ ရန်ပုံငွေကျပ်သိန်း(၂၈၀)ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း ယနေ့အခမ်းအနားတွင်လည်း ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ (၁၃)ဖွဲ့အတွက် ရန်ပုံငွေကျပ်သိန်း(၈၀၀)ကျော်ကို ထောက်ပံ့ပေးအပ်သွာမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ (၂၉)ဖွဲ့ တို့အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း(၁၇၀၀)ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်း/အဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို)၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဓနုတိုင်းရင်းသား ရေးရာအဖွဲ့ချုပ်၊ အင်းသားစာပေနှင့်ဒေသဖွံ့ဖြိုးရေးအသင်း၊ ကိုးကန့်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ ယင်းနက်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ယင်းကြား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ထနော့စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လီဆူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(မြို့နယ်)၊ ကချင်တိုင်းရင်းသားနှင့် ယဉ်ကျေးမှုအဖွဲ့၊ တရဲတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနသို့ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြရာ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသာတို့မှ လက်ခံရယူကြောင်းသိရှိရသည်။
ထို့နောက်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်း/အဖွဲ့များကိုယ်စား ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး