နမ့်ခမ်း အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အောက်တိုဘာလ(၁၀)ရက် ညနေ(၂)နာရီအချိန်က ပညာရေးဌာနမှ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းရှိကျောင်းသားကျောင်းသူများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပကာ စာပေအကြောင်းများကို ဆွေးနွေးခြင်းများ နှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းတို့ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာပေဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအကြောင်းနှင့်စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးများ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက စာပေဖတ်ရှုရာ၌မှ မိမိလိုလားသည့် အကြောင်းအရာများကို မြန်မြန် ဆန်ဆန်ရှာဖွေဖတ်ရှုနိုင်ရန် စာကြည့်တိုက်အတွင်းရှိ ပညာရပ်စာအုပ်အညွန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသား ထားသော အလှ ကိုယ်စီနှင့်အတွေးအမြင်ဆောင်းပါးပါ အကြောင်းအရာများကို ဖတ်ကြားပေးခြင်း၊ဆွေးနွေးပေးခြင်းတို့ ဆောင်ရွက်ခြင်း ဖြင့် စာပေပါ အကြောင်းအရာများကို တစ်ဦးမှ အများသို့ ဝေမျှပေးခြင်း၊စာပေအကြောင်းအရာများနှင့် သိရှိချင် သော အကြောင်းအရာများကို မိတ်ဆက်ခြင်း၊မေးမြန်းခြင်းများပြောကြားကာ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယ ဦးစီးမှူးတို့မှ ကျောင်းသားကျောင်းသူများ၏ သိရှိလိုသောမေးမြန်းချက်များကို ဖြေကြားပြီး စာပေအကြောင်း များကို အပြန်အလှန်ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံ ကပ်စာစောင်တို့ကို ကျောင်းသားကျောင်းသူများမှ စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရသည်။
စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရန်အစပျိုးပေးသော စိတ်ဓာတ် ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများတိုးပွားလာစေခြင်း၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရရှိစေခြင်း၊ လူငယ်များမှ လူ အများရှေ့တွင်ပြောရဲဆိုရဲပြောတက်ဆိုတက်သော အလေ့အကျင့်ကောင်းများ ရရှိစေခြင်း စသည့်အကျိုး ကျေးဇူးများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပခြင်းနှင့်နံရံကပ်စာစောင်များ ပြသခြင်း တို့ ပြုလုပ် ဆောင်ရွက်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး