ညောင်ရွှေ အောက်တိုဘာ-၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောက်တိုဘာ(၇)ရက် နံနက်(၉)နာရီက အင်းလေးဖေါင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ ညောင်ရွှေမြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံမည် ဖြစ်၍ ဖေါင်တော်ဆိုက်ရောက်မည့်နေရာ ပြုပြင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်းလေးရေလယ် ဗိုလ်တဲသို့ သွားရောက်၍ ရေလယ်ဗိုလ်တဲတွင် အင်းလေးဖေါင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား ပွဲတော်ကာလတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် ဒေသခံတိုင်းရင်းသားများမှ (၄၆)တက် လှေပြိုင်ပွဲ စတင်အစမ်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လှေပြိုင်အဖွဲ့သမားများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး အင်းလေးရေလယ်ဗိုလ်တဲ အနားယူအပန်းဖြေမည့် နေရာများ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ(၁၅)ရက် သီတင်းကျွတ်လဆန်း(၁)ရက်နေ့တွင် ဖေါင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီအပူဇော်ခံမည် ဖြစ်၍ ဖေါင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများနှင့် သီတင်းသုံးတော်မူသည့် ပလ္လင်တော် သန့်ရှင်းစင်ကြယ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဖူးမျှော်ကြည်ညို၍ ရွှေသင်္ကန်း၊ပန်း၊ရေချမ်း၊ဆွမ်းဆက်ကပ်လှူဒါန်း ပေးကြပြီး ဘုရားအတွက် အလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဒါန်းပေးကြရာ ဘုရားဂေါပက တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီအပူဇော်ခံမည့် ဖေါင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား ကြွချိမည့် ကရဝိတ်ဖောင်တော်၊ ဘုရားကြွချီရာတွင် ဆွဲမည့် ရာကျော်ဆွဲလှေများ၊ အင်းတိန်စံကျောင်းတော်သို့ ကြွချီမည့် ကရဝိတ်ဖောင်တော် အသေးတို့ကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့ ထပ်အိမ်ဂူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများ အတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ဆန်များ လှူဒါန်းပေးကြပြီး ထပ်အိမ်ဂူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လက်ထောက်ဆရာတော် ဦးအာလောကထံ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး