တောင်ကြီး စက်တင်ဘာ-၂၇
၂၀၂၃ခုနှစ် ရှမ်းပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲဝင် များအား ကြိုဆိုပွဲကို စက်တင်ဘာ(၂၇)ရက် မွန်းတည်(၁၂)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
ကြိုဆိုပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပခဲ့သည်မှာ ယခုဆို (၂၄)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည် ပြိုင်ပွဲများတွင် အနုပညာထူးချွန်မှု ပြသနိုင်ခဲ့ကြသူများသည် အနုပညာနယ်ပယ်တွင် ထိုက်တန်သည့် နေရာကိုယ်စီ ရရှိပြီး ဝါသနာဖြင့် တင့်တယ်ရပ်တည်နေကြသည်ကို ပြိုင်ပွဲဝင်များ အားလုံးအသိ ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ကိုယ်ပိုင်ယဥ်ကျေးမှု အဆင့်အတန်းကို ကမ္ဘာကသိအောင် ပြသနိုင်ကြသူများဖြစ်ပြီး ရှမ်းပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်သူများလည်း ဖြစ်ကြရန် ပြောကြားသည်။
ဆက်လက်၍ အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ နှုတ်ဆက်ကြကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ခရိုင်(၁၇)ခုမှ ပြိုင်ပွဲဝင် ဦးရေအုပ်ချုပ်သူ အပါအဝင်(၄၉၁)ဦး ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး