ပင်လောင်း  စက်တင်ဘာ  ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးသော  အစိုးရပါဋိ ပထမပြန် စာမေးပွဲ ဖြေဆိုဌာန၏ လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ  (၂၁)ရက် နံနက်ပိုင်းက ရင်းမှီးဘုန်းကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နာမောတဿ သုံးကြိမ်ရွတ်ဆို၍  ဖွင့်လှစ်ခဲ့ပြီး၊ ပင်လောင်းမြို့နယ် တီကျစ်မြို့မပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တ ဝိကသ က  အစိုးရပါဋိ ပထမပြန်စာမေးပွဲအတွက်    စီစဉ်ဆောင်ရွက်ထားရမည့်လုပ်ငန်းများနှင့် ရင်းမှီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝါယမ က အစိုးရပါဋိ ပထမပြန်စာမေးပွဲ ဖြေဆိုဌာနတွင် စာဖြေ သံဃာတော်များ အဆင်ပြေဖြေဆိုနိုင်ရေး ဆရာတော်များ၊     ဥပထမ္ဘကအဖွဲ့၊ သာသနာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ဆောင်ရွက်ပေးကြဖို့  ဩဝါဒ စကားမြွက်ကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်နှင့် ရင်းမှီးရပ်ကွက် ရပ်မိရပ်ဖ ဦးခွန်အောင်မြင့်တို့က ဆရာတော်များ ဩဝါဒ စကားမြွက်ကြားခဲ့ကြသည့် အစီအစဉ် များအတိုင်း အစိုးရပါဋိ ပထမပြန်စာမေးပွဲ ဖြေဆိုဌာနတွင် လိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားတင်ပြခဲ့ကြသည်။  
ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဌတု  သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး