တောင်ကြီး စက်တင်ဘာ-၈
၂၀၂၃ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို စက်တင်ဘာ(၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဝ ထ က လ သ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယခုနှစ်တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၂)ရက်မှ မတ်လ(၂)ရက်နေ့ထိ တောင်ကြီးမြို့နယ်တွင် စာသင်ဝိုင်း(၁၅)ဝိုင်း၊ စာသင်သား (၁၄၁)ဦး၊ ဟိုပုံးမြို့နယ်တွင် စာသင်ဝိုင်း (၁၀)ဝိုင်း၊ စာသင်သား(၁၁၀)ဦး၊ ကလောမြို့နယ်တွင် စာသင်ဝိုင်း(၁၈)ဝိုင်း၊ စာသင်သား(၁၅၅)ဦး၊ စုစုပေါင်း စာသင်ဝိုင်း(၄၃)ဝိုင်း၊ စာသင်သား (၄၀၆)ဦးဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေး၏ အခြေခံဖြစ်သည့် စာတတ်မြောက်ရေး လှုပ်ရှားမှုမှတစ်ဆင့် စာတတ်မြောက် ခြင်း၏ အကျိုးဆက်ဖြစ်သည့် ဆင်းရဲနွမ်းပါးမှု လျော့နည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ မိခင်နှင့်ကလေးသူငယ်များ ကျန်းမာရေးအသိများ တိုးပွားခြင်း၊ ခေတ်မီ နည်းပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ခြင်း၊ ဆန်းသစ်တီထွင်ဖန်တီး နိုင်စွမ်းရှိခြင်း စသည့်အခွင့်အလမ်းကောင်းများရရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းပြီး လူတိုင်းစာတတ် မြောက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးနက်ထား ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းမှ ဖတ်ကြားပြီး ၂၀၂၃ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ဆောင်ရွက်မှု (VIDEO CLIP)ပြသ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွက် Projector ပေးအပ်လှူဒါန်းပေးရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး