ပင်းတယ စက်တင်ဘာ ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အတွက် ပံ့ပိုးပေးအပ်ခဲ့သော ကြက်ခြေနီယူနီဖောင်းဝတ်စုံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပင်းတယမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ရည်ရွယ်ချက်သည် ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဖြစ်ပြီး အသင်း၏ လုပ်ငန်းစဉ်များမှာ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခကျရောက်သူများကို ကူညီရန်တို့ဖြစ်ပါကြောင်း၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များဟာ နိုင်ငံတစ်ဝှမ်းအကူအညီလိုအပ်သူများအတွက် ကိုယ်ကျိုးမဖက် စေတနာအရင်းခံဖြင့် နှစ်စဉ်လူဦးရေ(၆)သိန်းကျော်အတွက် လူမှုဂရုဏာအကူအညီများပေးလျက် ရှိတာကို အားရဖွယ်တွေ့မြင်သိရှိရပါကြောင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ကြက်ခြေနီ အခြေခံမူများနှင့်အညီ အကျိုးရှိရှိဦးတည်ချက်မပျောက်ဘဲ ညီညွှတ်စွာဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံရဲ့ဂုဏ်သိက္ခာ၊ကြက်ခြေနီအသင်းရဲ့ဂုဏ်သိက္ခာ၊မိမိတို့တစ်ဦးခြင်းရဲ့ဂုဏ်သိက္ခာကို စောင့်သိထိန်းသိမ်း ကြရမှာဖြစ်ပါကြောင်း၊ ကြက်ခြေနီနှင့် ပရဟိတစေတနာ့ လုပ်အားရှင်များ အနေဖြင့် ကြုံတွေ့လာရတဲ့သဘာဝဘေးအန္တရာယ်တွေကို ရပ်ရွာလူထုကိုယ်တိုင် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်ဖို့ ကြံ့ကြံ့ခံနိုင်စွမ်းပိုမိုရှိလာစေဖို့နဲ့ ရပ်ရွာလူထုကတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေဖို့ မိမိတို့တတ်သိထားသော အတတ်ပညာဗဟုသုတများကို မျှဝေပေးစေလိုကြောင်းနှင့် အမြဲတိုးတက် ပြောင်းလဲနေတဲ့ နည်းပညာတွေကိုစဉ်ဆက်မပြတ် လေ့လသင်ယူ ပြီး နိုင်ငံတော်၏ လူမှုဂရုဏာလုပ်ငန်းဆိုင်ရာအခန်းကဏ္ဍတွေမှာ ပြည်သူနှင့် ကြက်ခြေနီအတူလက်တွဲကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးများကို ဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်နိုင်ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်ကောင်းများဖြစ်ရန် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွက် ပံ့ပိုးပေးအပ်ခဲ့သော ကြက်ခြေနီယူနီဖောင်းဝတ်စုံ(၅၀)အား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက ပေးအပ်ခဲ့ရာ ပင်းတယမြို့နယ် ကြက်ခြေနီအသင်းခွဲ အဖွဲ့ဝင်များ ကလက်ခံရယူခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး