ပင်းတယ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံလူငယ်များ၏ ရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ စွမ်းရည်ထက်မြက် မြင့်မားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အခြေခံရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၈ နာရီက ဆင်ခေါင်းရပ်ကွက်အတွင်းရှိ MRTV-4 ရုံး၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ Forever Group Co.,Ltd မှ တာဝန်ခံဦးသိန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် Forever Group Co.,Ltdသည် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တို့နှင့် ပူးပေါင်းလျက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ဖြစ်သော ပြန်ကြားရေးလုပ်ငန်း စဉ်များဖြစ်သည့် ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်း ကိစ္စရပ်များအတွက် MRTV-4 ရုပ်သံ လိုင်းနှင့် ဆက်စပ်ရုပ်သံလိုင်းများ ထုတ်လွှင့်ခြင်းနှင့် ရေဒီယိုထုတ်လွှင့်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယင်းသို့ရိုက်ကူးထုတ်လုပ်ရန်အတွက် ပင်းတယမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော စတူဒီယို စီမံကိန်းများတွင် အလုပ်ခန့်ထားနိုင်ရန် အခြေခံ ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းများအခမဲ့ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ် ခြင်းဆိုင်ရာ အတတ်ပညာရှင်များ လေ့ကျင့်ပျိုးထောင်နိုင်ရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းများဖွင့်လှစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး Forever Group Co.,Ltd မှတာဝန်ရှိသူ ဦးပြည့်ဖြိုးဟန်က Forever Group မှထုတ်လွှင့် တင်ဆက်ပေးလျက်ရှိသည့် Channelများ၊ ရေဒီယိုများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၂)ဦးတက်ရောက်ပြီး သင်တန်းကာလ (၁)လခွဲ ခန့်သတ်မှတ်၍ ဇာတ်ညွှန်းရေးသားခြင်း၊ ကင်မရာရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ကွန်ပျူတာအထူးပြုလုပ်ခြင်း၊ အသံဖမ်းခြင်းနှင့် အသံအထူးပြုလုပ်ခြင်းဆိုင်ရာ ဘာသာရပ်များကို ကျွမ်းကျင်သော သင်တန်းနည်းပြများဖြင့် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်ထူးချွန်သူများအား အဆင့်မြင့်သင်တန်းများ ဆက်လက်သင်ကြားပေးကာ အရည်အချင်းပြည့်မီသူများအား Forever Group၏ ပင်းတယတွင် ထူထောင်နေသော စတူဒီယိုများရှိ ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းများတွင် ပညာရပ်များအလိုက် အလုပ်နေရာများ ခန့်ထားပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး