တောင်ကြီး စက်တင်ဘာ-၂
ဆေးတက္ကသိုလ် (တောင်ကြီး) မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ(၁)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့၊ ဆေးတက္ကသိုလ် (တောင်ကြီး)ဘက်စုံခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲနှင့် ဆုပေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုပေါင်း (၁၃၅)မျိုးရှိပြီး ကိုယ်ပိုင်ယဥ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း စဥ်လာများ ကွဲပြားကြပါကြောင်း၊ ရှမ်းလူမျိုးသည်လည်း ရှမ်းရိုးရာယဥ်ကျေးမှု အက၊အလှ၊ မွန်၊မြန်မာ၊ရခိုင်စသည်ဖြင့် လူမျိုးတိုင်း၏ ယဥ်ကျေးမှု အက၊အလှ အပြင် အစားအစာ၊ ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှုများ ကွဲပြားခြားနားပါကြောင်း၊ မည်သို့ပင်ကွဲပြားခြားနားစေကာမှု မြန်မာနိုင်ငံသားအားလုံး၏ ရိုးရာယဥ်ကျေးမှု များကို ထိန်းသိမ်းရန် အရေးကြီးသည့်အတွက် ရိုးရာယဥ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် မြန်မာအမျိုးသမီးများနေ့တွင် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု ပြပွဲ၊ပြိုင်ပွဲများကို ကျင်းပပြုလုပ်လေ့ရှိပြီး အဓိကမှာ မြန်မာရိုးရာယဥ်ကျေးမှု ရေရှည်တည်တံ့စေရန် ခေတ်လူငယ်များ အတုယူဖွယ်ဖြစ်အောင် ကျင်းပပြုလုပ်ရသည့်ပွဲ ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာလှဝင်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆေးတက္ကသိုလ် (တောင်ကြီး)သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူ လေးများမှ အဖွင့်သီဆိုဖျော်ဖြေ၍ ဆေးတက္ကသိုလ်(တောင်ကြီး)ယိမ်းအကအဖွဲ့မှ သကြင်္န် သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက်ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့် ကပြဖျော်ဖြေ၍ မြန်မာ့ရိုးရာဝတ်စုံများဖြင့် တစ်ဦးခြင်း ယှဥ်ပြိုင်ပြီး ရှမ်းအကဖြင့် ကပြဖျော်ဖြေခြင်း၊ ပြဇာတ်ဖြင့် ဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီးတို့က ဆေးတက္ကသိုလ်(တောင်ကြီး)ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး