လားရှိုး သြဂုတ်-၂၉
၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၅)အောက် ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို သြဂုတ်(၂၈)ရက် ညနေ(၃)နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ၊ ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို လားရှိုးမြို့တွင် ကျင်းပရခြင်းမှာ ရှမ်းပြည်နယ်အရပ်ဒေသအသီးသီးက အားကစားသမားများ နယ်မြေဗဟုသုတ တိုးပွားလာစေရန်၊ ပြေးခုန်ပစ်အားကစားနည်းကို ပြည်သူလူထုမှ ပြန်လည်စိတ်ဝင်စားလာစေရန်၊ လူငယ်မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန်၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိ၍ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ်ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်လာစေပြီး မျိုးဆက်သစ် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် လက်ရွေးစင် အားကစား သမားများကို ရွေးချယ်ပြီး နေပြည်တော်တွင် ၂၀၂၃ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ရှမ်းပြည်နယ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ကျောင်းသား၊ကျောင်းသူလေးများမှ ပန်းဖွားအကဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့က ဘခင်ရာတပ်ဖွဲ့နှင့်ပန်းဖွားအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ရာ အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တာလွတ်ပေးကြောင်းနှင့် ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနရာများ၊ ဆရာ၊ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ(၁၅၀၀)အမျိုးသား/အမျိုးသမီး၊ မီတာ(၄၀၀) အမျိုးသား/အမျိုးသမီး ၊ မီတာ(၅၀၀၀) အမျိုးသား/အမျိုးသမီး ၊မီတာ(၁၀၀)အမျိုးသား/အမျိုးသမီး လက်ဆင့်ကမ်းပြိုင်ပွဲ၊ တန်းမြင့်ခုန်၊ သံလုံး၊ သံပြား၊ လှံတံပစ်၊ ကြိုးတပ်သံလုံးပစ်နှင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင်(၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ၂၀၂၃ခုနှစ် သြဂုတ်လ (၂၈)မှ(၃၀)ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး