တောင်ကြီး သြဂုတ်-၁၆
၂၀၂၃ခုနှစ်၊ ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်(၁၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အထိမ်းအမှတ် အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီး ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထု ကိုယ်တိုင်စိတ်ဝင်တစား ပါဝင်ဆောင်ရွက်လာပြီး အာဟာရပြည့်ဝ ကျန်းမာစေသည့် အသိပညာ၊ အမူအကျင့်များ ပိုမိုကောင်းမွန် မှန်ကန်လာစေပြီး၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေ ပိုမိုကောင်းမွန် မြင့်မားလာစေမှာဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များအနေဖြင့် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကမ္ဘ့ာမိခင် နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်ကို နှစ်စဥ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နှစ်စဥ်ရွေးချယ် ပေးပြီး ကျင်းပလေ့ရှိရာ ယခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်မှာ “Enabling breastfeeding : making a difference for Working Parents.”´ဖြစ်ပြီး မြန်မာလိုမှာ “လုပ်ငန်းခွင်ဝင် မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့” ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကမ္ဘ့ာမိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဗီဒီယို ပြသသည်။
ထို့နောက် အသက်(၅)နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေ ဆေးလုံးများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်ဇနီး၊ တာဝန်ရှိသူများက တိုက်ကျွေးပေးကြ၍ ကလေးငယ်များအား (ကြက်ဥ၊ ပဲပေါင်မုန့်၊ ဌက်ပျောသီး၊ ပဲနို့၊ Food Basket) ပေးအပ်ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရဆေးပြားများ၊ (ကြက်ဥ၊ ကုလားပဲ၊ အိုင်အိုဒင်းဆားများကို) ရှမ်းပြည်နယ် အမျိုးသမီးရေးရာနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့များ၊ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး