တာချီလိတ်              သြဂုတ်-၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံ)ဇုန်တို့ ပူးပေါင်း စီစဥ်ဖွင့်လှစ်သည့်  ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကို သြဂုတ်(၁၁)ရက် နံနက်(၉)နာရီက တာချီလိတ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများသည် ဝန်ဆောင်မှုကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုကောင်းခြင်း၊ မကောင်း ခြင်းသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို အစဥ်တစိုက် ထင်ဟပ်စေပါကြောင်း၊ ခရီးသွားလုပ်ငန်းကို နိုင်ငံ့စီးပွားရေးအတွက် အားထားသော နိုင်ငံတိုင်းသည် ဝန်ဆောင်မှု ကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှုကို ခရီးသွား ဆွဲဆောင်မှုတစ်ခုအဖြစ် အသုံးချ နိုင်စေရန် ဆောင်ရွက်နေကြသည့်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေပြီး နယ်စပ်ဝင်ပေါက်လည်း တည်ရှိသည့်အတွက် နိုင်ငံအတွက်ပါ ခရီးသွားလုပ်ငန်းအတွက် အားထားရသော မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ မဖြစ်ပွားမီ ကာလတွင် တာချီလိတ်နယ်စပ် ဝင်ပေါက်မှ တစ်နှစ်လျှင် ခရီးသွား ဧည့်သည်(၁)သန်းကျော် အဝင်အထွက်ရှိကြောင်း၊ စာရင်းဇယားများအရ သိရှိရပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား(၁၅၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလ (၄)ပတ်ကြာမြင့်သည့်အတွက် ထိုက်တန်သည့် အသိပညာ ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ကို သင်တန်းက ရရှိ လေ့လာသင်ယူမည်ဟု ယုံကြည့်ပါကြောင်း၊ သင်တန်းတွင်စာတွေ့၊ လက်တွေ့ ပို့ချပေးလိုက်သည့် သင်ခန်းစာများကို သက်ဆိုင်ရာ လုပ်ငန်းခွင်နယ်ပယ် အသီးသီးတွင် ပြန်လည်အသုံးချပြီး မိမိဒေသကို လာရောက်လည်ပတ်သည့် ဧည့်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးကြရန် ပြောကြားသည်။

ဆက်လက်၍ Front Officeမှ ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရ သင်တန်းသား၊ သင်တန်းသူများ၊ Housekeepingမှ ထူးချွန်ပထမ၊ ဒုတိယ၊ တတိယဆုရ သင်တန်းသား၊ သင်တန်းသူများ၊ Food&Beverage (Service)မှ ထူးချွန်ပထမ၊ ဒုတိယ၊ တတိယ ဆုရ သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် Front Office သင်တန်းသား၊ သင်တန်းသူ အားလုံးကိုယ်စား ကိုယ်စားလှယ်(၁)ဦးအား Certificate လက်မှတ်ချီးမြှင့်ခြင်း၊ Housekeeping သင်တန်းသား၊ သင်တန်းသူ အားလုံးကိုယ်စား ကိုယ်စားလှယ်(၁)ဦးအား Certificate လက်မှတ်ချီးမြှင့်ခြင်း၊ Food&Beverage (Service)မှ သင်တန်းသား၊ သင်တန်းသူ အားလုံး ကိုယ်စား ကိုယ်စားလှယ်(၁)ဦးအား Certificateလက်မှတ်များကို ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများက အသီးသီချီးမြှင့်ပေးကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး