ကျိုင်းတုံ  သြဂုတ်-၁၀

 ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းကို သြဂုတ်(၁၀)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ Amazing Keng Tong Resort၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရုရှားခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်အခါ ဟိုတယ်များအပိုင်းမှ ပိုမိုကောင်းမွန် ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးကို ရည်ရွယ်ပြီး ရုရှားဘာသာစကားသင်တန်းများကို ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်မြို့များတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် ပူးပေါင်းစီစဉ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ယခုဖွင့်လှစ်သည့် သင်တန်းသည် အခြေခံသင်တန်းဆိုသော်လည်း ရုရှားဘာသာစကားကို ပိုမိုနားလည်တတ်ကျွမ်းလိုသည့် သင်တန်းသားများအတွက် သင်တန်းတွင် ဟိုတယ်လုပ်ငန်းသုံး ဝေါဟာရနှင့်စကားပြောများကို (ရေး၊ဖတ်၊ပြော) သင်ကြားရုံသာမက အခြေခံသဒ္ဒါနှင့် ဝါကျတိုများ တည်ဆောက်ခြင်း၊ ဂဏန်းသင်္ချာနှင့် ငွေကြေးဆိုင်ရာ အသုံးအနှုန်းများ၊ ရုရှားလူမျိုးများ၏ အလေ့အကျင့်နှင့် ဓလေ့စရိုက်များကိုပါ ထည့်သွင်းသင်ကြားပေးမည်ကို သိရသည့်အတွက် သင်တန်းသားများအနေဖြင့် ရုရှားဘာသာစကား၏ အဓိက အခြေခံ သဘောတရားများကို သင်ယူနိုင်မည်ဟု ထင်မြင်မိပါကြောင်း၊ အချိန်ကာလအားဖြင့် အခြေခံအဆင့်တွင် (၄)ပတ်သာကြာမြင့်သည့်အတွက် သင်ယူပြီးမြောက်ထားသော စာများကို အခြေခံ၍ Social Media များ ၊ Website Link များမှတဆင့် ထပ်မံလေ့လာ၍ လက်တွေ့အသုံးချမှသာ ပိုမိုကျွမ်းကျင်တတ်မြောက်လာမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေကော်မတီဥက္ကဋ္ဌ ၊ဗိုလ်မှူးချုပ် တင်အောင်ဆွေက သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များလုပ်ငန်းရှင်များ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

အဆိုပါ ရုရှားဘာသာစကား (အခြေခံ)သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၃)ဦး  တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျိုင်းတုံဟော်နန်းနှင့် ကျိုင်းတုံနောင်တုံကန် အတွင်း အမှိုက်များ၊ဒိုက်များဆယ်ယူသည့် နေရာတွင် ပျက်စီးသွားသော နေရာအား ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးနှင့် ကျိုင်းတုံမြို့ နောင်ဘိုကန်တွင် night market ဖွင့်လှစ်ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး