တောင်ကြီး               ဇူလိုင်-၂၇

ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မိမိတို့ တတ်စွမ်းသမျှ အတတ်ပညာဖြင့် စောင့်ရှောက်ပေးကြမည့် ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) သင်တန်းဖွင့်ပွဲကို ဇူလိုင်(၂၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) ရာထူးလစ်လပ်နေရာ (၁၁၁၅) နေရာရှိသည်ကို သိရှိရပါကြောင်း၊ လစ်လပ်နေသော နေရာများအား ပြန်လည်ဖြည့်ဆည်း ပေးနိုင်ရန်အတွက် နိုင်ငံတော်မှ တိုင်းဒေကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံကြီးများတွင် ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) သင်တန်းကျောင်းပေါင်း (၁၈)ကျောင်းအထိ တိုးချဲ့ဖွင့်လှစ် ပေးထားပြီး သင်တန်းသားဦးရေ တစ်ကျောင်းလျှင် ပျမ်းမျှ(၅၅)ယောက်အထိ တိုးမြှင့်ရွေးချယ်ပြီး ခွဲဝေချထား ပေးသည်ကို သိရှိရပါ ကြောင်း၊ စဝ်စံထွန်းဆေးရုံကြီး သင်တန်းကျောင်းတွင် ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) သင်တန်းများ ဖွင့်လှစ်ခဲ့သည်မှာ ယခုနှစ်အပါ (၆၂)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်-၄  (ဓာတ်ခွဲ) (၈)လ သင်တန်းအတွက် သင်တန်းသားဦးရေ (၅၇)ဦးအား နိုင်ငံတော်မှ စဝ်စံထွန်းဆေးရုံကြီး သင်တန်းကျောင်းအတွက် စိစစ်ရွေးချယ်ရေးအဖွဲ့မှ ခွဲဝေချ ထားပါကြောင်း၊ သင်တန်းကာလမှာ (၈)လဖြစ်ပြီး စာတွေ့(၂)လခွဲနှင့် လက်တွေ့(၅)လခွဲဖြင့် သင်ရိုးညွှန်းတမ်းအတိုင်း လေ့လာ သင်ကြားရမှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ သင်တန်းတက်ရောက် နေစဥ်ကာလအတွင်း လိုက်နာရန် ချမှတ်ထားသည့် စည်းကမ်းများကို တိကျစွာလိုက်နာပြီး လေ့ကျင့်သင်ကြား ပေးသည်များကို ကြိုးစားသင်ယူကြပါရန် ပြောကြားသည်။

ဆက်လက်၍ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ဦးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ဦးမှ လက်ခံရယူကြောင်းသိရှိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၄၈)ဦး တက်ရောက်ကြပြီး သင်တန်းကို (၈)လကြာ ဖွင့်လှစ်သွား မည် ဖြစ်ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့