ရပ်စောက်                                  ဇူလိုင်-၂၆

ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းအား ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုးရေပေးဝေနိုင်ရန် ကဏ္ဍနှစ်ရပ်လုံးအတွက်ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းများအား ၂၀၀၅-၂၀၀၆ခု ဘဏ္ဍာရေးနှစ်မှတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာတွင်ရှိပြီး အဆိုပါနေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်သူတို့ရှိက ဇူလိုင်(၂၅)ရက် နံနက်(၁၁)နာရီက သွားရောက်ကြည့်ရှူ စစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၇) ညွှန်ကြားရေးမှူး (မြို့ပြ) ဦးညွန့်ဌေးမှ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စီမံကိန်းဧရိယာအတွင်းတမံနှင့် ရေယူအဆောက်အအုံ တည်ဆောက်နေမှုအခြေအနေ၊ ရေပိုလွှဲ တည်ဆောက်ထားရှိမှု အခြေအနေ၊ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ယနေ့အချိန်ထိ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ (၈၄%) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်ကုန်ထိ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ (၈၆.၇၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီး (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်၊ မိုးရာသီမတိုင်မီ (၁၀၀%)ရာခိုင်နှုန်း ပြီးစီးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းဆောင်ရွက်နေဆဲ ကာလတွင် တမံပိတ်မည့် နမ့်အက်ချောင်း ရေအားဆက်သွယ်မြောင်းမှတစ်ဆင့် အောက်ဘက်ရှိ ဇော်ဂျီတမံနှင့်မြို့ကြီးတမံတို့ကို ၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှ စတင်ရေလွှတ်ခဲ့ရာ ယနေ့အထိ (၂၇၆၅၀၀)ဧကပေ ရေကူဖြည့်သွင်းပေးလျက်ရှိကြောင်း သိရပြီး ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ကျိုင်းခမ်းရေလှောင်တမံမှ အောက်ဘက်ရှိ တည်ဆောက်ပြီးဖြစ်သော ဇော်ဂျီနှင့်မြို့ကြီးရေလှောင်တမံတို့ကို ရေကူဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်စွမ်းအား (၈၅.၃၀)ကီလိုဝပ်နာရီသန်းပေါင်းကို တိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေများကို စိုက်ပျိုးရေ ဖူလုံစွာပေးဝေနိုင်သဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဇော်ဂျီရေလှောင်တမံသို့ သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ ဇော်ဂျီရေလှောင်တမံနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇော်ဂျီ ရေလှောင်တမံအမှတ်(၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံရှိ မောင်းနှင်ထိန်းချုပ်ရေးခန်းအား ကြည့်ရှုစစ်ဆေးကြပြီး ဇော်ဂျီအမှတ်(၁) ရေအားလျှပ်စစ်ဓါတ်အား မောင်းနှင်ထိန်းချုပ်ခန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဇော်ဂျီရေလှောင်တမံ အမှတ်(၂)၊ အမှတ်(၁) ဓါတ်အားပေးစက်ရုံရှိ ဝန်ထမ်းများနှင့်ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာရှိ ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ရပ်စောက်မြို့၊ တပ်ဦးခြံရှိ ပွင့်ကောင်းနှင့်ခင်နွဲ့ရီ ကုမ္ပဏီလိမီတက်မှ မြေလွတ်၊မြေလပ်၊မြေရိုင်းများ ဖော်ထုတ်စိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်စိုက်ပျိုးထားသော ကော်ဖီခြံ၊ မက္ကဒေးနီယားခြံတို့ကို လှည့်လည်ကြည့်ရှုကြပြီး ရပ်စောက်မြို့နယ်၊ပါမဲကျေးရွာအုပ်စု၊ညောင်ပင်သာကျေးရွာတောင်သူဦးစိုးဝင်းကြီးစိုက်ပျိုးအောင်မြင်လျက် ရှိသောအစေ့ထုတ်ပြောင်းပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်သို့သွားရောက်ကြည့်ရှုကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့