နောင်ချို ဇူလိုင်၂၅
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၇ရက် ညနေ၅နာရီက အမှတ်(၂၄) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ လားရှိုးမှ တပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ နောင်ချိုမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီး၊ လားရှိုးသွားကားလမ်းပေါ် နောင်ချိုလှုပ်ရှားတပ်ဆွယ်ရုံးရှေ့တွင် စစ်ဆေးဆောင်ရွက်နေစဉ် ကွတ်ခိုင်ဘက်မှ ရောက်ရှိလာသည့် MDY-17/ 5D-7662 နံပါတ်ပါ TOYOTA LANDCRUISER PRADO အမျိုးအစား ခဲဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ စိုင်းသန်းထွေးနှင့် ကျော်ဇေယျ(ခ) ရွှေထူးတို့(၂)ဦးအား မော်တော်ယာဉ်၏ ဆီတိုင်ကီအတွင်း အံဝှက်ပြုလုပ် ဝှက်သိမ်းထားသည့် 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၄၀၀၀၀)ပြား၊ စုစုပေါင်းတန်ဖိုး သိန်းပေါင်း (၁၂၀၀)သိန်း၊ မိုဘိုင်းလ်ဖုန်း(၄)လုံး၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်တို့နှင့်အတူ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် စိုင်းသန်းထွေး နှင့် ကျော်ဇေယျ(ခ)ရွှေထူး တို့(၂)ဦးအား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံလမ်းညွှန်ချက်ဖြင့် ဖော်ထုတ်ဖမ်းဆီးရေးအစီအမံများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့