တောင်ကြီး ဇူလိုင်-၂၄
ရုရှားခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်အခါ ဟိုတယ်များအပိုင်းအနေဖြင့် ပိုမိုကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးကို ရည်ရွယ်၍ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်း စစ်ဌာချုပ် နယ်မြေကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ဇူလိုင်(၂၄)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ Royal Taunggyi Hotel ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာ စကားအခြေခံသင်တန်းကို တောင်ကြီးမြို့တွင် သင်တန်းသား(၆၃)ဦးဖြင့် ၂၀၂၃ခုနှစ် မေလ(၁၅)ရက်နေ့မှ (၂၆)ရက်နေ့ထိလည်းကောင်း၊ ကလောမြို့တွင်သင်တန်းသား(၆၇)ဦးဖြင့် ၂၀၂၃ခုနှစ် မေလ(၂၉)ရက်နေ့မှ ဇူလိုင်လ(၉)ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းသင်တန်းသား(၁၃၀)ဦး ရုရှားဘာသာစကား(အခြေခံ)ကို သင်ကြားပေးနိုင်ခဲ့ပါကြောင်း ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းများသည် အခြေခံသင်တန်း ဖြစ်သည့်အတွက် သင်တန်းကာလ တိုတောင်းခြင်းကြောင့် အခြေခံသာ သင်ကြားပေးနိုင် ခဲ့ပြီး ရုရှားဘာသာစကားကို ပိုမိုနားလည်တတ်ကျွမ်းလိုသည့် သင်တန်းသားများအတွက် ယခုသင်တန်းတွင် ဟိုတယ်လုပ်ငန်းသုံးဝေါဟာရနှင့် စကားပြောများကို (ရေး၊ဖတ်၊ပြော) သင်ကြားရုံသာမက အခြေခံသဒ္ဒါနှင့် ဝါကျတိုများတည်ဆောက်ခြင်း၊ ဂဏန်းသင်္ချာနှင့် ငွေကြေးဆိုင်ရာအသုံးအနှုန်းများ၊ ရုရှားစကား အပြန်အလှန် ပြောဆိုလေ့ကျင့်ခြင်း၊ ရုရှားလူမျိုးများ၏ အလေ့အကျင့်နှင့်အကျင့်စရိုက်များကိုပါ ထည့်သွင်းသင်ကြား ပေးမည်ကို သိရသည့်အတွက် သင်တန်းများအနေဖြင့် ရုရှားဘာသာစကားကို နောက်တစ်ဆင့် ပို၍ သင်ကြားနိုင်မည်ဟု ထင်မြင်မိပါကြောင်း၊ အချိန်ကာလအားဖြင့် အခြေခံအဆင့်တွင် (၂)ပတ်သာ ကြာမြင့် သော်လည်း ယခုမွမ်းမံအဆင့်တွင် (၄)ပတ်ကြာမြင့်မှာဖြစ်သည့်အတွက် ဘာသာရပ် ပိုမိုအချိန်ကြာမြင့်စွာ ထိတွေ့ရမှာဖြစ်ကြောင်း၊ ရုရှားဘာသာစကားကို အခြေခံအဆင့်မှ မွမ်းမံအဆင့်သင်တန်းကို တက်ရောက်ပြီး ချိန်တွင် ယခုသင်တန်းသားများသည် ရုရှားဧည့်သည်များနှင့် ပတ်သက်ပြီး နားလည်နိုင်စွမ်းနှင့် ပိုမိုကောင်းမွန် သည့် ဝန်ဆောင်မှုများကို ပေးနိုင်ရေးအတွက် ယခုလို ဟိုတယ်လုပ်ငန်းသုံး ရုရှားဘာသာစကား (မွမ်းမံ) သင်တန်းကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသည့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးနှင့် တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံ(ဟိုပုံး)တို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်၍ သင်တန်းကာလ (၁)လကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့