တောင်ကြီး ဇူလိုင် ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို တောင်ကြီးမြို့ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်မှူးနိုင်လင်း က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက လူငယ်စကားဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြား လျက်ရှိသော မထက်အိန္ဒြေအောင် က လူငယ်နှင့်နည်းပညာ၊ မစံသော်တာလင်း က လူငယ်နှင့်စာဖတ်ခြင်း၊ မောင်မြင့်မြတ်ပိုင် က လူငယ်နှင့်မူးယစ်ဆေး၊ မောင်ရန်နိုင်ဖြိုးက လူငယ်နှင့်အားကစား၊ မချောဧကရီဟန် က လူငယ်နှင့်ကျန်းမာရေး၊ မောင်စိုင်းအောင်ခန့်က လူငယ်နှင့်ပြည်သူ့နီတိ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။