တောင်ကြီး        ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းဖွင့်လှစ်ထားသည့် ဆေးရုံဆေးခန်းများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ ဖွင့်လှစ်ကြရန်လိုပါကြောင်း၊ အဆိုပါဆေးရုံ၊ ဆေးခန်း များတွင် ဆရာဝန်များ၊ သူနာပြုဆရာ၊ ဆရာမများအား ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ခန့်ထားပေးရန်လိုပါကြောင်း၊ မှုခင်းနှင့်သက်ဆိုင်သောလူနာများ ပုဂ္ဂလိကဆေးရုံသို့ ရောက်ရှိလာပါက အရေးပေါ်အသက်ကယ် ကုသမှုပြုလုပ်ပေးပြီး ကုသမှုစာရွက်စာတမ်း အပြည့်အစုံဖြင့် သက်ဆိုင်ရာအစိုးရဆေးရုံများသို့ လွှဲပြောင်းပေးပို့ရန်လိုပါကြောင်း၊ တက်ရောက် လာကြသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအနေဖြင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပုဂ္ဂလိက‌ဆေးရုံများမှ တာဝန်ရှိသူများက အထွေထွေကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းကြပြီး ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းနှင့် အစည်းအဝေးသို့ ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပုဂ္ဂလိက‌ဆေးရုံများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့