တောင်ကြီး ဇွန်-၁၂
ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက Biometric ဖြင့် အချက်အလက်ကောက်ယူရေးအတွက် Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ဇွန်(၁၂)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုဒုတိယအဆင့်အနေဖြင့် Biometric အချက်အလက်များ ကောက်ယူသည့်စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဒုတိယအဆင့်ဖြစ်သည့် မြို့နယ်များတွင် Biometric အချက်အလက်များ ကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးရည်ရွယ်ပြီး Biometric အချက်အလက်များ ကောက်ယူရေးဆောင်ရွက်ရာတွင် အောက်ပါ ပထမဦးစားပေး ဦးတည်အုပ်စုအား ကောက်ယူမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း နှင့် မှီခိုသူ မိသားစုဝင်များ၊ တက္ကသိုလ်အပါအဝင် (၁၀)နှစ် အထက်ကျောင်းသား/သူများ၊ အကျဉ်းထောင်၊ အချုပ်ထောင်မှ အကျဉ်းသား/သူများ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘုန်းကြီး၊ သီလရှင်နှင့် သာသနာ့ဝန်ထမ်းများကောက်ယူပြီးပါက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် နိုင်ငံကူးလက်မှတ်၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ အခြားဆက်စပ်လုပ်ငန်းနှင့် ယာဉ်မောင်း ယာဉ်လိုင်စင် ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ဘဏ်များရှိ ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် UID ကတ်ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မြို့နယ်များတွင် Biometric အချက်အလက်များအား ကောက်ယူနိုင်ရေး ယာယီ စာရင်းကောက်များနှင့် ပြည်နယ်၊ မြို့နယ်၊ ခရိုင်ကြီးကြပ်သူများက Entrollment Device စက်များကို သေချာစွာအသုံးပြု၍ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ကောက်ယူနိုင်ရေး သင်တန်းပို့ချရခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် စိတ်ဝင်တစားသေချာစွာ မှတ်သားရန် ပြောကြားသည်။
ဆက်လက်၍ Biometric အချက်အလက် ကောက်ယူရေးလုပ်ငန်းနှင့် ပတ်သတ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးမှ ရှင်းလင်းတင်ပြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေးလှိုင်က Biometric အချက်အလက်ကောက်ယူရေး သင်တန်း တက်ရောက်သည့် သင်တန်းသားများအား သင်တန်းစရိတ်ထောက်ပံ့ငွေ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၄၀)ဦးတက်ရောက်၍ သင်တန်းကို ဇွန်(၁၂)ရက်မှ (၁၆)ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့