တောင်ကြီး ဇွန်-၁၀
စူဠာမုနိလောက ချမ်းသာစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းကို ဇွန်(၁၀)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ ၊ စူဠာမုနိ လောကချမ်းသာ စေတီတော်မြတ်ကြီး ဗိမာနတော်၌ ကျင်းပသည်။
အခမ်းအနားကို ဆရာတော်၊ သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ စွန်းလွန်ဂူ ကမ္မဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာအရှင်သူမြတ်များ ရွတ်ပွားသရယ်ဇ္ဇျာယ်ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်မြတ်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်ဝန်ကြီးများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နိုင်ငံတော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန် ၊အရပ်ဘက်မှ လှူဒါန်းငွေ၊ တပ်မတော်မှအရာရှိကြီးများ လှူဒါန်းငွေများနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဇနီးတို့မှ လှူဒါန်းငွေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်အစိုးရအဖွဲ့မှလှူဒါန်းငွေများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှလှူဒါန်းငွေများ၊ ပြည်နယ်အစိုးရဖွဲ့ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းပေးကြရာ စူဠာမုနိ လောကချမ်းသာစေတီတော် ဂေါပကဥက္ကဋ္ဌ ဦးညိုလုံးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ ၊သိမ်တောင်ပရိယတ္တိစာသင်တိုက် ကျောင်းအုတ် တံတိုင်း ဆောက်လုပ်ရန်အတွက် အလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ရှမ်းပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော် မဘဒ္ဒန္တတေဇဝန္တထံဆက်ကပ်လှူဒါန်းပေးပြီး ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးကြ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့