တောင်ကြီး ဖေဖေါ်ဝါရီ-၁၂
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ထုံးဖို၏ ပတ္တမြားနှင်းဆီနှစ်ထပ်စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာပေးအပ်လှူဒါန်းပွဲကို ဖေဖေါ်ဝါရီလ(၁၂)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့နယ်၊ ထုံးဖိုအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ကျင်းပသည်။
ပတ္တမြားနှင်းဆီကျောင်းဆောင်သစ်ပေးအပ်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပတ္တမြားနဂါးကုမ္မဏီဥက္ကဋ္ဌ ဦးနေဝင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကဗ္ဗည်းမှတ်တမ်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဘက်စုံထူးချွန်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို မြေတောင်မြောက်ပြုစုပျိုးထောင်ရာတွင် အရိပ်အာဝါသကောင်း၊ ပတ်ဝန်းကျင် ကောင်း၊ လုံခြုံအေးချမ်းသည့်အဆောက်အဦကောင်းရှိရန်လည်း အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ ကျောင်းပတ်ဝန်းကျင်ကောင်း၊ ကျောင်းအဆောက်အဦကောင်းပါက သင်ကြား သင်ယူမှုလုပ်ငန်းစဥ်များအတွက် အထောက်အကူကောင်းများရရှိနိုင်ပြီး ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် စိတ်ချမ်းသာစွာသင်ကြားသင်ယူမှု ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပတ္တမြားနဂါးကုမ္ပဏီဥက္ကဋ္ဌ ဦးနေဝင်းထွန်းက ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပတ္တမြားနဂါးကုမ္ပဏီဥက္ကဋ္ဌ ဦးနေဝင်းထွန်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ထုံးဖိုကျောင်းနှင့် ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကတို့အတွက် အလှူငွေများပေးအပ်ရာ တောင်ကြီးခရိုင်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ထုံးဖို ကျောင်းအုပ်ဆရာမကြီးမှ ပေးအပ်ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး