တောင်ကြီး ဖေဖေါ်ဝါရီ-၅
(၇၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်သာယာဖွင့်ပွဲကို ဖေဖေါ်ဝါရီလ(၅)ရက်၊ နံနက်(၈)နာရီက အဆိုပါနေရာ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ဂနိုင်ကန်သာယာတည်ဆောက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဂနိုင်ကန်သာယာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီးဦးစိုင်းလိတ်၊ တင်မြင့်ရီရောင်းဝယ်ရေးကုမ္မဏီ ဦးတင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဂနိုင်ကန်သာယာအဝင်မုဒ်ဦးဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကန်ပတ်လည် ကွန်ကရစ်နှင့်ဘလောက်တုံး လျှောက်လမ်းဆောက်လုပ်လှူဒါန်းခဲ့သော ဦးတင်မြင့် (တင်မြင့်ရီ ရောင်းဝယ်ရေးကုမ္မဏီလီမိတက်)အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က ဂနိုင်ကန်သာယာသန့်ရှင်းသာယာလှပရေး ဝိုင်းဝန်း ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေးဝန်ထမ်းများကိုယ်စား ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ဂနိုင်ကန်သာယာအတွင်း ဆိုလာမီးတိုင်များ တပ်ဆင်ဆောင်ရွက်ပေးခဲ့သော ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်သဇင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဂနိုင်ကန်သာယာဖွင့်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၂)ဘင်ခရာတပ်ဖွဲ့နှင့်ကိန္နရီ၊ ကိန္နရာအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသာများသည် ဂနိုင်ကန်သာယာ အဝင်မုဒ်ဦးရှေ့နှင့် ကန်လျှောက်လမ်းတို့တွင်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး ဂနိုင်ကန်သာယာအတွင်း လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါဂနိုင်ကန်သည် ယခင်ကပြုပြင်ထိန်းသိမ်းမှုမရှိပဲ မြက်ချုံများဖြင့် ဖုံးလွှမ်းနေသော နေရာတစ်ခုအဖြစ်တည်ရှိခဲ့ရာမှ ယခုအခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ တင်မြင့်ရီရောင်းဝယ်ရေးကုမ္မဏီလီမိတက်မှ လှူဒါန်းဆောင်ရွက်မှု၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြည်သူများအနားယူအပန်းဖြေနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်နိုင်သည့် တောင်ကြီးမြို့၏အထင်ကရနေရာတစ်ခုအဖြစ် တည်ရှိလာမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး