တောင်ကြီး ဖေဖေါ်ဝါရီ-၁
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ဖေဖေါ်ဝါရီလ(၁)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးသည် မြို့နယ်အဆင့်မှာ အရေးကြီးပါကြောင်း၊ သတ်မှတ်အင်အားကို ဆင့်ခေါ်နိုင်မှုမရှိသည်ကို တွေ့ရပါကြောင်း၊ ခရိုင်၊ မြို့နယ်များတွင် ဆင့်ခေါ်နိုင်မှုအားနည်းနေပါကြောင်း၊ မြို့နယ်မှခရိုင်သို့တင်ပြပေးရန် လိုအပ်ပါကြောင်း၊ တရားနည်လမ်းမကျ၊ ဥပဒေနှင့်မညီသောဆောင်ရွက်မှုမျိုး မဆောင်ရွက်ရန်၊ ငွေကြေးဖြင့်မမှန်ကန်သောနည်းလမ်းဖြင့် ဆင့်ခေါ်ခြင်းမပြုရန်၊ ဆင့်ခေါ်ရေးလုပ်ငန်းများ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်ရုံးလုပ်ငန်းများ မှန်ကန်ရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးတွင် အားနည်းဆုံး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များတွင် ဆင့်ခေါ်ရေးကို အလေးအနက်ထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ Online ပေါ်တွင် တိုင်ကြားမှုများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နည်းဥပဒေ၊ ဥပဒေများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များသည် ပြည်သူများနှင့် ထိတွေ့၍ နည်းဥပဒေ၊ ဥပဒေများကို အသိပညာပေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ရှမ်းပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၊ အဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်ထွန်း၊ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ် ဥပဒေ အရာရှိတို့က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
၎င်းနောက် ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်များမှ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များမှ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ရုံးသုံးပရိဘောဂများကိုစိစစ်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ယောက်အနေဖြင့် တစ်ထောင့်တစ်နေရာက နိုင်ငံတော် ကာကွယ်ရေးအတွက် ဆောင်ရွက်ပါက နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ကြောင်း၊ အမျိုးသားရေး တာဝန်အဖြစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေဖြင့် ပြဌာန်းချက်များဖြင့် ဆောင်ရွက်ပေးပါက အောင်မြင်မှုရရှိမှာဖြစ်ကြောင်း နိဂုံးချုပ်စကား၌ပြောကြားသွားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့သွားရောက်ကြည့်ရှု၍ နည်းဥပဒေ၊ ဥပဒေအကြောင်းများ ဆွေးနွေးခဲ့ကြောင်းသိရပြီး မွန်းလွဲ(၁)နာရီခွဲတွင် အစည်းအဝေးခန်းမ(၁)တွင် ရှမ်းပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ရှမ်းပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်များမှ လိုအပ်ချက်များတင်ပြဆွေးနွေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး