တောင်ကြီး ဇန်နဝါရီ-၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် ကမ္ဘောဇလား အလွတ်တန်းဖိတ်ခေါ်ဘောလုံး ရှုံးထွက်ပွဲစဥ်ပြိုင်ပွဲကို ဇန်နဝါရီလ(၃၀)ရက်၊ ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ကမ္ဘောဇဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲရှုံးထွက်ပွဲစဥ်တွင် ကန္နရဝတီ(ကယား) အသင်းနှင့် ပအိုဝ်းလူငယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူ များ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအား ပေးကြကြောင်းသိရသည်။
အဆိုပါကမ္ဘောဇဖလားဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်မှ ဖေဖေါ်ဝါရီလ (၉)ရက်နေ့အထိ ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၁၂)သင်းမှာ ရှမ်းပြည်နယ်(က)အသင်း၊ ကန္နရဝတီအသင်း၊ ပအိုဝ်းလူငယ်အသင်း၊ မြို့မFCအသင်း၊ GLORYFCအသင်း၊ စစ်ကိုင်းFCအသင်း၊ ရှမ်းပြည်နယ်(ခ)အသင်း၊ YANGON REGION U-21အသင်း၊ ပေါင်းလောင်းFCအသင်း၊ EC FCအသင်း၊ ရှမ်းပြည်နယ်(ဂ)U18အသင်း၊ ထီလာမောင်FCအသင်းတို့ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး