တောင်ကြီး ဇန်နဝါရီ-၂၇
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာနမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ကုသမှုကို ဇန်နဝါရီလ (၂၅)ရက်မှ (၃၀)ရက်နေ့အထိ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ ခုတင်(၅၀၀)၌ ကုသပေးနေကြောင်းသိရသည်။
အဆိုပါ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံခုတင်(၅၀၀)၌ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီး (၁၁)ဦးမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများခွဲစိတ်ကုသပေးနေမှုကို ဇန်နဝါရီလ(၂၇)ရက်၊ နံနက်(၁၁)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ သွားရောက်၍ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကုသမည့် ကလေးလူနာများအား ကြည့်ရှုအားပေးစကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ခွဲစိတ်ကုသမှုအတွက် ချီးမြှင့်ငွေပေးအပ်ရာ စဝ်စံထွန်းဆေးရုံကြီး တာဝန်ရှိသူနှစ်ဦးမှ လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခွဲစိတ်ကုသဆောင်သို့သွားရောက်၍ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလူနာများအား ခွဲစိတ် ကုသပေးနေမှုကို ကြည့်ရှုကြကြောင်းသိရသည်။
မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် သွား၊ ခံတွင်းကုသပေးမည့် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများမှာ ကုသရေးဦးစီးဌာန၊ (သွားကျန်းမာ)ကုသရေးဦးစီးဌာန၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ လွိုင်လင်ပြည်သူဆေးရုံ၊ မော်လမြိုင်ပြည်သူဆေးရုံ၊ နေပြည်တော်ပြည်သူ့ဆေးရုံ၊ ဂျန်ပနိုင်ငံမှ အထူးကုဆရာဝန်ကြီးများဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ဇန်နဝါရီလ(၂၇)ရက်နေ့တွင် လာရောက်ခွဲစိတ်ကုသမှု လူနာ(၁၆)ဦးရှိကြောင်းနှင့် သွား၊ ခံတွင်းအတွက် ခွဲစိတ်ကုသသည့် လူနာများကို ဇန်နဝါရီလ(၃၁)ရက်နေ့တွင်အံကပ်များတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး